တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အာဆီယံအထူး
ကိုယ်စားလှယ်နှင့် နစက ဥက္ကဋ္ဌတို့ ဆွေးနွေး

0
99

မြန်မာနိုင်ငံသို့ ပထမအကြိမ် ခရီးစဉ်အဖြစ်ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun အား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံခဲ့သည်။

ယနေ့ ဇန်နဝါရီလ (၁၀) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှုတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက၏ နိုင်ငံရေးမျှော်မှန်းချက်နှင့် အမျိုးသားရေးမျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင်၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စ ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်အပေါ်  နစက၏ ရှေ့လုပ်ငန်းစဉ်များနှင့် ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံအထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here