မွန်ပြည်နယ်ထွက် ကွမ်းသီးများ ဘင်္ဂလား​ဒေ့ရှ်နှင့် အိန္ဒိယတို့အပြင် တရုတ်သို့ပါတင်ပို့နိုင်ရန် ကြိုးစား​နေ

0
210

မွန်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့် ကွမ်းသီးများကို တရုတ်နှင့် အိန္ဒိယစျေးကွက်သို့ တင်ပို့နိုင်ရန် တင်ပြထားကြောင်း မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ ပြောပြချက်အရ သိရသည်။

“အခုလောလောဆယ်တော့ တင်ပြထားတဲ့ အဆင့်မှာပဲရှိသေးတယ်”ဟု အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ကွမ်းသီးခြံ ဧက ၅၀၀၀၀ ကျော်အထိ စိုက်ပျိုးထားရှိပြီး တန်ချိန် ၉၀၀၀၀ ကျော် ထွက်ရှိကြောင်း သိရသည်။

ကွမ်းသီးကို တစ်ကြိမ်ရင်းနှီးစိုက်ပျိုးခြင်းဖြင့် နှစ်(၃၀)ကျော် အထိ ဝင်ငွေရရှိနိုင်ကြောင်းလည်း သိရသည်။

“သူက ပို့ကုန်အလားအလာရှိတဲ့ သီးနှံဖြစ်တဲ့အတွက် ပြည်ပကို တင်ပို့ချင်တာပေါ့။ ပို့ခွင့်ရခဲ့မယ်ဆိုရင် စိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေတာပေါ့”ဟု တာဝန်ရှိသူက ဆက်ပြောသည်။

ကွမ်းသီးကို နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး အခြားသီးနှံများနှင့် တွဲဖက်စိုက်ပျိုးပါကလည်း ဝင်ငွေတိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်သည် မြန်မာ့ကွမ်းသီးစိုက်ပျိုးမှုတွင် ထွက်ရှိမှုအများဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တွင် ကွမ်းသီးစိုက်ပျိုးထားရှိပြီး ရေးမြို့နယ်၌ အများဆုံးစိုက်ပျိုးထွက်ရှိကြောင်း သိရသည်။

ကွမ်းသီးကို ရန်ကုန်၊ ပဲခူးတိုင်း၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီနှင့် ရခိုင်ပြည်နယ်တို့တွင် စိုက်ပျိုးပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဏာနှစ်အတွင်း ပြည်ပသို့ ကွမ်းသီးတန်ချိန် ၂၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here