တစ်ဧက ကျပ်နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများကို ဧရာဝတီတိုင်းရှိ နွေစပါးဧက ၁၁၀၀၀ အတွက် ထောက်ပံ့မည်

0
96

ဧရာဝတီတိုင်‌ဒေသကြီးရှိ မြို့နယ် (၂၆) မြို့နယ်မှ တောင်သူများကို နွေစပါးစိုက်ဧက ၁၁၀၀၀ အတွက်  တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့် ညီမျှသည့် သွင်းအားစုများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း သမဝါယမဦးစီးဌာနမှ သိရသည်။

အဆိုပါ သွင်းအားစုများ ထောက်ပံ့ခြင်း အစီအစဉ်ကို ယခု ဇန်နဝါရီလအတွင်း ထောက်ပံ့မည်ဖြစ်သည်။

“တောင်သူတွေ အဓိကလိုအပ်တဲ့ ယူရီးယား၊ ကွန်ပေါင်း၊ သဘာဝမြေဩဇာတွေကို ထောက်ပံ့ပေးမယ်။ သီးနှံပေါ်တဲ့အချိန် တောင်သူတွေက ကျပ်နှစ်သိန်းနှုန်းနဲ့ ညီမျှတဲ့ သီးနှံတွေကို သွင်းအားစုထောက်ပံ့ပေးတဲ့ ကုမ္ပဏီ၊ အစုအဖွဲ့တွေဆီ ပြန်သွင်းပေးရမယ်”ဟု သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သွင်းအားစုများ ထောက်ပံ့ရာ၌ စာချုပ်ချုပ်ဆိုပုံ နှစ်မျိုးဖြစ်၍ တောင်သူများနှင့် ကုမ္ပဏီ အစုအဖွဲ့၊ တောင်သူအစုအဖွဲ့၊ သမဝါယမအသင်း၊ မြို့နယ်ကြီးကြပ်ရေးအဖွဲ့တို့နှင့် စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းကြီးကြပ်ရေးအဖွဲ့ နှင့် ဝယ်၊ ကြိတ်၊ ဖြန့် ကုမ္ပဏီ အစုအဖွဲ့များနှင့် စာချုပ်ချုပ်ဆိုရမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း သမဝါယမအသင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ သတ်မှတ်ထားသည့် သွင်းအားစုဈေးနှုန်းများမှာ ယူရီးယား ၅၀ ကီလိုဂရမ်တစ်အိတ်လျှင်  ၇၇၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅ပတ်လည် တစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်ဖြင့် ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here