ကရင်နှစ်သစ်ကူးပွဲတော်သို့ ရန်ကုန်အပြင် ဧရာဝတီတိုင်းမှ ကရင်လူမျိုးများပါ လာရောက်ဆင်နွှဲ

0
248

ရန်ကုန်တိုင်းရင်းသား ကျေးရွာတွင် ကျင်းပသည့် (၇၇) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တိုင်းအတွင်းမှ ကရင်တိုင်းရင်းသားများအပြင် ဧရာဝတီတိုင်းမှ ကရင်တိုင်းရင်းသားများပါ လာရောက်ဆင်နွှဲကြကြောင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီထံမှ သိရသည်။

“ဒီနှစ်က အရမ်းများတယ်။ တင်ဆက်တဲ့ အစီအစဥ်တွေက များတယ်။ ရိုးရာလက်ဝှေ့လည်း ပါတယ်။ ပျားဖွပ်လည်း ပါတယ်။ ယဥ်ကျေးမှု အကတွေလည်း စုံတော့ လူတွေလည်း အပြင်ကို ထွက်ပြီး သွားချင်ကြတဲ့အခါ အရမ်းကို စည်ကားတာ တွေ့ရတယ်”ဟု ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေးဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပွဲတော်အတွင်း ပါဝင်သည့် ပျားဖွတ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်အထိ အင်းစိန်မြို့နယ်ရှိ အာလုံငါးဆင့်တွင် နှစ်ဆယ်နှင့်ချီ ကျင်းပခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ယခုနှစ်မှသာ ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ပွဲတော်သို့ လာရောက်ကြသူများမှာ ဧရာဝတီတိုင်းဒေသကြီးမှ လာရောက်ကြသလို ရန်ကုန်မြို့ရှိ ကရင်လူမျိုးအများစုနေထိုင်ရာ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတစ်ပင်၊ လှည်းကူး၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ အလုံ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်များမှလည်း လာရောက်လည်ပတ်ကြကြောင်း သိရသည်။

“ဒီနှစ် တိုင်းရင်းသားကျေးရွာမှာ ကျင်းပရတာက ပြီးခဲ့တဲ့အချိန်ထက်စာရင် ဒီနှစ်မှာ အခြားနေရာမှာလည်း မလုပ်နိုင်တဲ့ အခါကျတော့ ဒီမှာကလည်း လုံခြုံရေးအရလည်း ကောင်းတဲ့ သဘောရှိတော့ ဒီမှာက ပိုပြီး စည်းကားတဲ့သဘော ဖြစ်တယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ကရင်လူမျိုးများသည် မျိုးနွယ်စုအရ၊ ဘာသာရေးအရ၊ နေထိုင်ရာဒေသ ကွဲပြားကြသဖြင့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးအသားအလံတော်အောက်၌စုစည်းနိုင်ဆုံး နေ့တစ်နေ့ဖြစ်သည့်အတွက်ကြောင့် ယင်းနေ့ကို အထွဋ်အမြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကရင်နှစ်သစ်ကူးနဲ့ တဆက်တည်းမှာပဲ ကရင်အမျိုးသားအလံ၊ ကရင်အမျိုးသား သီချင်းကို ရရှိခဲ့တာဖြစ်ပါတယ်။ဒါတွေကြောင့် ကရင် နှစ်သစ်ကူးနေ့က ကရင်လူမျိုးတွေအတွက်တော့ အထွဋ်အမြတ်နေ့တစ်နေ့ ဖြစ်ပါတယ်”ဟု ပွဲကျင်းပရေးဗဟိုကော်မတီမှ တာဝန်ရှိသူက ရှင်းပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here