MyRO စနစ်တွင် သိုလှောင်ရုံ (၁၇၄) လုံး မှတ်ပုံတင်ထား

0
178

မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online – MyRO) စနစ်တွင်သိုလှောင်ရုံ (၁၇၄) လုံး မှတ်ပုံတင်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ဈေးဝယ်အရောင်းစင်တာများနှင့် လက်လီလက်ကား ဆန်ဆိုင်များတွင် ခင်းကျင်းရောင်းချမှုများအတွက် သိုလှောင်မှုများကို စနစ်တကျရှိစေရန်အတွက် လည်းကောင်း၊ စီးပွား ဖြစ် ရောင်းဝယ်ရန် အလို့ငှာ ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ထားရှိမှုများကို မြန်မာနိုင်ငံဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) စနစ်တွင် မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၄) ရက်တွင် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းမှ သိုလှောင်ရုံ (၈၇) လုံး၊ ဧရာဝတီတိုင်းမှ သိုလှောင်ရုံ (၅၂) လုံး၊ ပဲခူးတိုင်းမှ သိုလှောင်ရုံ (၁၀)လုံး၊ မန္တလေးတိုင်းမှ သိုလှောင်ရုံ (၄)လုံး၊ စစ်ကိုင်းတိုင်းမှ သိုလှောင်ရုံ (၁) လုံး၊ နေပြည်တော်ကောင်စီနယ်မြေမှ သိုလှောင်ရုံ (၁၉)လုံးနှင့် ရခိုင်ပြည်နယ်မှ သိုလှောင်ရုံ (၁)လုံး စုစုပေါင်း သိုလှောင်ရုံ (၁၇၄)လုံးအား မှတ်ပုံတင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်ပသို့ဆန်တင်ပို့မှု စနစ်တကျသတ်မှတ်ဆောင်ရွက်နိုင်ရေးတို့အား ရည်ရွယ်လျက် ဆန်စပါးကဏ္ဍတွင် ပုံမှန်လုပ်ငန်းလုပ်ကိုင်နေသူများအား ဝန်ထုပ်ဝန်ပိုးနှင့် ထိခိုက်မှု မရှိစေရေးအတွ က်လည်းကောင်း၊ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သည့် လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအွန်လိုင်း (Myanmar Rice Online-MyRO) စနစ်တွင် မှတ်ပုံတင်ခိုင်းခြင်းဖြစ်သည်။

ယင်းအပြင် ဈေးဝယ်စင်တာများတွင် ခင်းကျင်းပြသရော င်းချသော ဆန်အိတ်များ သိုလှောင်သည့် သိုလှောင်ရုံများမှတ်ပုံတင်နိုင်ရေးကို အထူးကြပ်မတ်ဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနမှ ဇန်နဝါရီ (၃) ရက်တွင် စာဖြင့်ပေးပို့အကြောင်းကြားထားသည့်အတွက် သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here