ယီမင်ရှိဟူသီသူပုန်များကို အမေရိကနှင့် ဗြိတိန်တို့စတင်တုန့်ပြန်တိုက်ခိုက်

0
141

ဝါရှင်တန်၊ဇန်နဝါရီ ၁၂

အမေရိကနှင့်ဗြိတိန်တို့သည် ယီမင်ရှိ ဟူသီပစ်မှတ်များအား စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း အမေရိကန်အရာရှိများက ကြာသပတေးနေ့ကပြောကြားခဲ့သည်။

ယခုကဲ့သို့ တုန့်ပြန်မှုသည် ပင်လယ်နီအတွင်းသွားလာနေသည့် နိုင်ငံတကာသင်္ဘောများအား အီရန် ကျောထောက်နောက်ခံပြုအဖွဲ့ဟူသီက ပြီးခဲ့သည့်နှစ်‌နှောင်းပိုင်းက စတင်ပစ်မှတ်ထားတိုက်ခိုက်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းလည်းဖြစ်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။  

ယီမင်နိုင်ငံ၏နေရာအများစုကို ထိန်းချုပ်ထားသည့် ဟူသီများသည် ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ဖြစ်သည့် ဟားမတ်စ်အားထောက်ခံကြောင်းပြသရန်အတွက် ပင်လယ်နီသင်္ဘောလမ်းကြောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်နေခြင်းလည်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၅ ရာခိုင်နှုန်းရှိသည့် အာရှ – ဥရောပ အဓိကကုန်သွယ်ရေးလမ်းကြောင်းမှ နိုင်ငံတကာကုန်သွယ်မှုကိုလည်းအနှောင့်အယှက်ဖြစ်စေခဲ့သည်။

ထို့ကြောင့် အမေရိက နှင့်ဗြိတိန်တို့က ယီမင်ရှိဟူသီသူပုန်များအား ပထမဆုံးအကြိမ်အဖြစ်တုန့်ပြန်တိုက်ခိုက်ခြင်းလည်းဖြစ်ပြီး တိုက်ခိုက်မှု၏အသေးစိတ်အချက်အလက်များအား မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူအရာရှိတစ်ဦးက ဆိုသည်။

ဟူသီတပ်ဖွဲ့များကမူ ၎င်းတို့အနေဖြင့် အစ္စရေးနှင့်သက်ဆိုင်သည့်သင်္ဘောများနှင့် အစ္စရေးဆိပ်ကမ်းတွင်ကပ်မည့်သင်္ဘောများကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အမှန်စင်စစ်တွင်မူ တိုက်ခိုက်ခံနေရသည့်သင်္ဘောအများစုသည် အစ္စရေးနှင့်အဆက်အစပ်မရှိသည့်သင်္ဘောများသာဖြစ်သည်ဟုလည်းသိရသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here