ရှမ်းမြောက်တွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း (၃) ဖွဲ့တို့အကြား ယာယီအပစ်ရပ်ရန် သဘောတူညီမှုရခဲ့ကြောင်း  ဗိုလ်ချုပ်ဇော်မင်းထွန်း အတည်ပြု

0
211

‌၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီး တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ‌မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့အကြား ယာယီအပစ်အခတ်ရပ်စဲသွားရန် သဘောတူညီမှု ရရှိခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောကြားသည်။

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့တွင် ပြုလုပ်သည့် (၃) ကြိမ်မြောက် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုအတွင်း ယခုသဘောတူညီမှုကို ရရှိခဲ့ကြောင်း သတင်းထွက်ပေါ်နေမှုအပေါ် ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းစဉ် ၎င်းက အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

“မှန်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရခဲ့ပါတယ်။ ခိုင်မာအောင်ဆက်လက်ဆောင်ရွက်သွားရဦးမှာဖြစ်ပါတယ်။ နောက်ထပ်ဆွေးနွေးရမယ့် အချက်အလက်‌များလည်း ရှိပါတယ်။ အဲဒါတွေကိုလည်း ကျွန်တော်တို့ ဆက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ဆောင်ရွက်ပေးချက်နဲ့ ကူမင်းမြို့မှာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးတဲ့ အတွက်လည်း တရုတ်နိုင်ငံရဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြောက်ပိုင်း (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား ဇန်နဝါရီ (၁၀) ရက်နှင့် (၁၁) ရက်တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုအတွင်း ရှမ်းမြောက်ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲများကိုရပ်တန့်ကာ ယာယီအပစ်အခတ်ရပ်စဲကြရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးမှုအတွင်း မြောက်ပိုင်းအဖွဲ့များအနေဖြင့် ရှမ်းမြောက်တွင် စခန်းသိမ်းတိုက်ပွဲများ ဆက်မလုပ်ရန်နှင့် မြန်မာ့တပ်မတော်ဘက်ကလည်း လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ မလုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း အကြမ်းဖျဉ်းသိရသော်လည်း နှစ်ဘက်စလုံးမှ အ‌သေးစိတ်အချက်အလက်များကို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ တရုတ်ဘက်မှ အထူးကိုယ်စားလှယ် တိန့်ရှီဂျွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်မှ ဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် အဖွဲ့ဝင် (၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောက်ပိုင်း မဟာမိတ်(၃) ဖွဲ့ဖက်မှ MNDAA မှ ဖုန်ခွန်း၊ ကျင်းရှင်နှင့်အဖွဲ့ဝင် (၅)ဦး၊ ULA/AA မှ ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့ဝင် (၇)ဦး၊ PSLF/TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း (၃) ဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှု(၂) ကြိမ် ပြုလုပ်ခဲ့ပြီး ခိုင်မာသည့် သဘောတူညီမှုမရရှိခဲ့ဘဲ ဆွေးနွေးပွဲ ပျက်ပျယ်ခဲ့ရသည့်အခြေအနေရှိခဲ့သည်။

ယခု သဘောတူညီမှု ရရှိသည့် အပစ်အရပ်သဘောတူညီမှုသည် ရှမ်းမြောက်ဒေသတစ်ခုတည်းနှင့်သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် AA နှင့် မြန်မာ့တပ်မတော်ကြားမှ စစ်ရေးတင်းမာမှုနှင့် မသက်ဆိုင်ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင်စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ သောင်းနှင့်ချီကာ စစ်ဘေးဒဏ်ခံနေရပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းရှိသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲများကြောင့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးနီးပါး ရပ်တန့်နေပြီး မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ကဏ္ဍတွင် ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here