ရှမ်းမြောက် အပစ်ရပ်သဘောတူညီမှုကို အပြန်အလှန်ထိန်းသိမ်းပြီး ဆွေးနွေးအဖြေရှာနိုင်ရေး ပံ့ပိုးကူညီမည်ဟု တရုတ်ပြော

0
208

မြောက်ပိုင်း (၃) ဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား အပစ်ရပ်သဘောတူညီမှုကို အပြန်အလှန်ထိန်းသိမ်းကြပြီး ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်းကြရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာရေးအတွက် ပံ့ပိုးကူညီများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့်မြန်မာမဟာမိတ် (၃) ဖွဲ့တို့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀) ရက် မှ (၁၁) ရက်အထိ တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှမ်းမြောက်ဒေသတွင် ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ် သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊  စစ်ရေးထိတွေ့မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာ အငြင်းပွားမှုတောင်းဆိုချက်များကို ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် သဘောတူညီမှုရရှိထားသည့် အပစ်အခတ်ရပ်စဲမှုကို သေချာစွာအကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အစွမ်းကုန် ထိန်းသိမ်းစွာလုပ်ဆောင်၍ ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဆက်လက်ဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်ကို ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူပြုကြောင်း ၎င်းကဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ရှမ်းမြောက်ဒေသ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တတ်စွမ်းသမျှ ကူညီပံ့ပိုးမှုများ ပြုလုပ်ကာ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟုလည်း သိရသည်။

ကူမင်း ဆွေးနွေးမှုအတွင်း နှစ်ဖက်မှတရုတ်နိုင်ငံ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိ စီမံကိန်းမှဝန်ထမ်းများအား ဘေးကင်းလုံခြုံမှုပေးရန် ကတိပြုခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here