ထိုင်းနိုင်ငံ ဓါတ်အားပေးစက်ရုံတစ်ရုံတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးအစောင့် ၃ ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရ

0
133

ထိုင်းနိုင်ငံ ရတ်ချာဘူရီပြည်နယ်၊ Damnoen Saduak ခရိုင်ရှိ ဓါတ်အားပေးစက်ရုံတစ်ခုမှာ သောကြာနေ့(ဇန်နဝါရီ ၁၂) ညပိုင်းက လစာကိစ္စအငြင်းပွားရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးအစောင့် သုံးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဘွန်းလတ်ဆိုသူကို စစ်ဆေးမေးမြန်းမှုလုပ်ဖို့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အစောင့် လေးဦးနဲ့ သူတို့ရဲ့ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူတို့အကြား လစာကိစ္စ အပြင်းအထန်အငြင်းအခုံဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ရဲက ပြောဆိုပါတယ်။

ကနဦး သတင်းထုတ်ပြန်ချက်အရ လစာငွေကိစ္စနဲ့ ပတ်သက်ပြီး စကားပြောဆိုဖို့ ဘွန်းလတ်က အစောင့်တွေကို ခေါ်ယူခဲ့ကြောင်း၊ သို့ပေမယ့် လစာငွေ ပမာဏနဲ့ ပတ်သက်ပြီး နှစ်ဖက်အကြား သဘောတူ ပြေလည်မှုမရခဲ့ကြောင်း သိရပါတယ်။ ယင်းနောက် ဘွန်းလတ်က သူ့ရဲ့ ၉မမ ပစ္စတိုကို ဆွဲထုတ်ကာ အစောင့်တွေကို ပစ်ခတ်ခဲ့ရာမှာ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ သေဆုံး ဒဏ်ရာရသူအားလုံးကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

Ref: Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here