မြန်မာ့ယဥ်ကျေးမှုနှင့် ဆန့်ကျင်သည့် ညစ်ညမ်းသော တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်နေမှုများကို အရေးယူသွားမည်

0
154

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရာတွင်
မြန်မာ့ယဥ်ကျေးမှုနှင့်ဆန့်ကျင်သည့် ညစ်ညမ်းသော ရိုက်ကူးထုတ်လွှင့်မှုများကို အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့် ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့သော် အချို့သော တေးသီချင်း ဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိသြတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေသည်ကို တွေ့ရှိရကြောင်း အသိပေးတားမြစ်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများ ပါဝင်သည့်ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ ၊ စီစဉ်ရိုက်ကူးသူ ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ပြင် သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားသော အစည်းအရုံးများကလည်း လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးနိုင်ရန်လည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here