ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး ဆောင်ရွက်မည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

0
205

နိုင်ငံ၏ အနာဂတ်ကို ပညာရေးဖြင့် ကောင်းမွန်စွာပုံဖော်ပေးနိုင်ရမည်ဖြစ်သည့်အတွက် ပညာတတ်လူသားအရင်း အမြစ်များ မွေးထုတ်နိုင်ရေးဆောင်ရွက်မည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇန်နဝါရီ (၁၃) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အရည်အချင်းပြည့်မီတဲ့ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးကို ကောင်းမွန်တဲ့ အထောက်အပံ့များဖြစ်စေနိုင်မှာဖြစ်လို့ အရည်အချင်းရှိတဲ့ လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရမှာဖြစ်ပါတယ်” ဟု၄င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အားနည်းချက်များ များစွာရှိသည်ကို စစ်တမ်းများအရ တွေ့ရှိရသည့်အတွက် ပညာရေးကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နစက အစိုးရ တာဝန်ယူချိန်တွင် ပညာရည်မြှင့်တင်ရေးအဖြစ် KG + 9 အဆင့်အထိ မဖြစ်မနေသင်ကြားရန် မူဝါဒချမှတ်ဆောင်ရွက်ခဲ့ပြီး KG + 9 တက်ရောက်အောင်မြင်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုအခြေခံသင်တန်းကျောင်းများ တက်ရောက်ပြီး သက်ဆိုင်ရာ ပညာရပ်များအလိုက် ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံအတွင်းအဆင့်မြင့် ပညာတတ်မြောက်သူများ ပေါကြွယ်ဝစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး အားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ၄င်းကထည့်သွင်းပြောကြားခဲ့သည်။

တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမ များအနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်မှုများရှိနေရန် လိုအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်မြောက်ရန်အတွက် ထိရောက်သည့် သင်ကြားမှုများဖြင့် သင်ကြားပေးကြရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here