ရန်ကုန်ကို လျှပ်စစ်ဓာတ်အား အလုံအလောက်ပေးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ရန် နစက ဥက္ကဋ္ဌက တိုင်းအစိုးရအား ပြော

0
248

ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား အလုံအလောက်ဖြန့်ဝေပေးနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့အား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ ဇန်နဝါရီ (၁၃) ရက်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်အခြေအနေနှင့်ပတ်သက်၍ တိုင်းအစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများနှင့်တွေ့စုံစဉ် နစက ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အား ပေးဝေမှုအခြေအနေမှာ အပိုင်းလိုက်ခွဲ၍ အလှည့်ကျပေးဝေနေရသည့်အခြေအနေဖြစ်ပြီး အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်ခြင်းများနှင့် မကြာခဏ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရန်လိုပြီး သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများအပါအဝင် နည်းလမ်း ပေါင်းစုံဖြင့် ထုတ်လုပ်နိုင်ရေးကို တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ကိုင်နိုင်သည့် လျှပ်စစ်ကဏ္ဍအပါအဝင် အခြားကဏ္ဍများကိုဆောင်ရွက်ရန်လိုပြီး ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအား အမြန်ဆုံးပြီးစီးစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ကြရန်လည်း ၄င်းက မှာကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း၌ စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍအတွက်အရေးပါသည့် စက်မှုဇုန်များ အမြောက်အများရှိပြီး အဆိုပါ စက်မှုဇုန်များတွင် လျှပ်စစ်မီး လုံလောက်စွာရရှိမှသာကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက သတိပေးပြောကြား ခဲ့သည်။

အလားတူ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် စက်သုံးဆီနှင့်စားသုံးဆီများအတွက် နိုင်ငံခြားငွေများကို သုံးစွဲ နေရသည့်အတွက် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယဉ်များနှင့် လျှပ်စစ်စွမ်းအင်သုံး စက်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ယခုလာရောက်မှုသည် လှိုင်သာယာမြို့နယ်ကို ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပြီး လှိုင်သာယာမြို့နယ်ကို အဆင့်မြှင့်တင်နိုင်ရန်အတွက် Town Plan များ စနစ်တကျဖြင့် ရေးဆွဲ ဆောင်ရွက်လိုကြောင်းလည်း ပြောကြားသွားသည်။

ထို့အပြင် စက်မှုဇုန်နှင့်ပတ်သက်၍ စက်မှုဇုန်အတွင်း အလုပ်လုပ်ကိုင်သူများ အဆင်ပြေစေရေးဆောင်ရွက်ပေးရမည်ဖြစ်ပြီး မြို့ပြတည်ဆောက်ရာတွင် ကျယ်ကျယ် ပြန့်ပြန့်ဖြင့် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကာ လှိုင်သာယာမြို့နယ်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည်အတွက်စီမံကိန်းများ ချမှတ်၍ စီမံဆောင်ရွက်ရန်အတွက်လည်း နစက ဥက္ကဋ္ဌက တိုင်းဒေသကြီးအစိုးရအဖွဲ့အား မှာကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here