မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးတစ်စင်း ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

0
184

မြောက်ကိုရီးယားစစ်တပ်ဟာ ၎င်းတို့ အရှေ့ပိုင်း ကမ်းရိုးတန်း ကမ်းလွန်ကနေ ပင်လယ်ဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အမျိုးအမည်မသိ ပဲ့ထိန်းဒုံးတစ်စင်းကို မြောက်ကိုရီးယားက အရှေ့ပင်လယ်ဆီ ဦးတည် ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ဂျပန်ပင်လယ်လို့လည်း ခေါ်ဆိုတဲ့ ပင်လယ်ပြင်ကို ရည်ညွှန်းကာ တောင်ကိုရီးယားက ပြောဆိုခဲ့ပါတယ်။

ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ဘယ်လောက်အကွာအဝေးထိ ပျံသန်းခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဂျပန် ကမ်းခြေစောင့်တပ်က ပြောရာမှာတော့ မြောက်ကိုရီးယားဆီက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးဖြစ်ဖွယ်ရှိသော ယင်းအရာဝတ္ထု့ဟာ အစောပိုင်းအခြေအနေမှာပဲ ပင်လယ်ပြင်သို့ ပြုတ်ကျသွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒုံးကျည်ဟာ ဂျပန်ကုန်းမြေထုကို ဝန်းရံထားတဲ့ ပင်လယ်ရေပိုင်နက်ဖြစ်တဲ့ နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ပိုင်းမှာ ကျရောက်ခဲ့တယ်လို့ ဂျပန် NHK သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဒီဇင်ဘာလလယ်ပိုင်းက ဟွာဆောင် -၁၈ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့သေးပြီး ယခု ပစ်လွှတ်မှုဟာ ယင်းနောက်ပိုင်း ပထမဆုံးအကြိမ် ဒုံးပစ်လွှတ်စမ်းသပ်မှုဖြစ်ပါတယ်။

အဆိုပါ အခဲလောင်စာသုံး တိုက်ချင်းပစ် ဒုံးကျည်ဟာ အမေရိကန် ကုန်းမကြီးအထိ ပစ်ခတ်ရောက်ရှိနိုင်အောင် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ခေတ်အမီဆုံး တာဝေးပစ်လက်နက်အမျိုးအစားဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာလည်း ဟွာဆောင်-၁၈ ဒုံးကျည်အမျိုးအစားဖြစ်သလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Ref: DW


LEAVE A REPLY

Please enter your comment!
Please enter your name here