ပြည်မြို့တွင် မီးလောင်မှုဖြစ်ပွားကာ လေဖျန်းနေသော အဖိုးအိုတစ်ဦး မီးလောင်သေဆုံးပြီးနေအိမ်(၃)လုံး ဆုံးရှုံး

0
259

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ နဝဒေးလမ်း၊ သန္ဓေပင်ရပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်(၃)လုံး ဆုံးရှုံးကာ လေဖျန်းနေသော အဖိုးအိုတစ်ဦး မီးလောင်သေဆုံးသွားကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၅) ရက်၊ နေလယ် (၃)နာရီ (၁၀)မိနစ် အချိန်ခန့်က ပြည်မြို့၊ နဝဒေးလမ်း၊ သန္ဓေပင်ရပ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပြည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၃) နာရီခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“လေဖျန်းနေတဲ့ အဖိုးတစ်ဦးပေါ့နော်။ မီးထဲပါပြီး သေဆုံးခဲ့ပါတယ်။ ရင်ခွဲရုံကို ပို့ပေးခဲ့တယ်။ နေအိမ်ကတော့ (၃) လုံး မီးလောင်ဆုံးရှုံးခဲ့တယ်ဗျ။ ကျန်တဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့က လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု သွားရောက်ကူညီခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ သေဆုံးသူ (လေဖျန်းလူနာ) အမျိုးသားအား ခေတ္တရာလူငယ်များ သာရေး/နာရေး ကူညီပံ့ပိုးမှု အသင်းနှင့် ပရဟိတပါရမီမှ ပူးပေါင်းကူညီ၍ ပြည်မြို့ ကုတင်(၅၀၀) ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here