ဖရဲ ရောင်းဈေး/ဝယ်ဈေးပုံမှန်ရှိသော်လည်း ကုန်ကျစရိတ်ကြီးမြင့်နေ

0
143

တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် မြန်မာ့ဖရဲရောင်းဈေး၊ ဝယ်ဈေးပုံမှန်ရှိသော်လည်း ကုန်ကျစရိတ်ကြီးမြင့်နေကြောင်း နယ်စပ်သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ရောင်းဈေးဝယ်ဈေးက သူ့အခြေအနေနဲ့ သူပုံမှန်ပဲ။ သွားလမ်း လာလမ်း ကုန်ထုတ်လမ်းနဲ့ ကုန်ကျစရိတ်က ပုံမှန်မှမဟုတ်တော့ သမင်မွေးရင်း ကျားစားရင်း၊ စိုက်ပျိုးထုတ်လုပ်သူနဲ့ ငွေရင်းငွေနှီး စိုက်ထုတ်သူ လုပ်ငန်းရှင်တွေလုံးပါး ပါးနေရဦးမယ့် အခင်းအကျင်းပါ။ ကုန်သွယ်ဖက်တရုတ်ရဲ့အခြေအနေ နဲ့ စားသုံးသူ (Consumer)ရဲ့သုံးစွဲနိုင်မှုကပြောင်းလဲသွားပြီ” ဟု ခွာညိုသစ်သီးပွဲရုံက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်မှ ကိုဗစ်အလွန် နေထိုင်စားသောက်မှုပုံစံပြောင်းလဲလာခြင်းသည် မြန်မာ့သစ်သီးဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေကြောင်း သိရသည်။

မြန်မာ့သစ်သီးဝလံများကို မူဆယ် ကျင်စန်းကျော့ဂိတ်မှ တရုတ်ဘက်သို့ အများဆုံးတင်ပို့ခြင်းဖြစ်ပြီး ရှမ်းမြောက်တိုက်ပွဲကြောင့် ကျိုင်းတုံ-မိုင်းလား နှင့် ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းမှ ပြောင်းလဲတင်ပို့နေရကြောင်း သိရသည်။

အဆိုပါ လမ်းကြောင်းများမှ သွားလာနေရသည့်အတွက် ဖရဲသီးကားတစ်စီးလျှင်ကျပ်သိန်း ၁၀၀ ခန့် ကုန်ကျစရိတ်ရှိနေပြီး တရုတ်ဈေးကွက်၌ ဖရဲသီးကားတစ်စီးလျှင် တရုတ်ငွေ ယွမ် ၂၀၀၀၀ မှ ၃၅၀၀၀ အထိရကြောင်း သိရသည်။

လက်ရှိ ရာသီသည် ဖရဲသီးများ စတင်ထွက်ရှိသည့် ကာလဖြစ်ပြီး ယခုအချိန်တွင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူးအရှေ့ခြမ်း၊ ရန်ကုန်တိုင်း လှည်းကူးဒေသ၊ မိထ္တီလာနှင့် သီပေါ အစရှိသည့် ဒေသများမှ ဖရဲသီးများ ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

တရုတ်သို့ လာအိုနိုင်ငံမှလည်း ဖရဲတင်ပို့မှု ရှိပြီး ၎င်းတို့သည် ကုန်ကျစရိတ် သက်သာသည့်အတွက် မြန်မာသစ်သီးကုန်သည်များ အနေဖြင့် သတိထားလုပ်ဆောင်ကြရန်လည်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here