ရှမ်းမှ ကချင်သို့ပို့မည့် ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုကျော်ကို မန်းတွင် ဖမ်းဆီးရမိ

0
135

ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ ပို့မည့် ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ဘိန်းဖြူ ၁၀၀ ကီလိုကျော်ကို မန္တလေးတိုင်းဒေသကြီးတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီလ (၈) ရက် မွန်းလွဲ (၂) နာရီခွဲအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရ ပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A)လမ်းရှိ ဂိုဒေါင်ကို ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရှာဖွေရာ ဆာဦး နှင့် မိုင်းအိုက်ကျင် တို့ (၂) ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံ စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ (၉) ရက် ည (၈) နာရီအချိန် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ (အေ) လမ်းနှင့် ၁၁၅ လမ်းထောင့်နေ လှသိန်း အား ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ဇန်နဝါရီလ (၁၀)ရက် နံနက် (၁၀) နာရီခွဲအချိန် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ် (၃)ရပ်ကွက်ရှိ ဟိန်းလတ်နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းတို့အား ကွင်းဆက်အဖြစ် ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်းဒေသ ကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်းနှင့် ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here