မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး မော်စကိုသို့ ရောက်

0
262

သံသယဖြစ်ဖွယ် စစ်လက်နက်ဆိုင်ရာ သဘောတူညီချက်အပေါ် စိုးရိမ်မှုများ မြင့်တက်

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဟာ သုံးရက်ကြာ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် တနင်္လာနေ့မှာ ရုရှားနိုင်ငံကို ရောက်ရှိနေခဲ့ကြောင်း သိရပါတယ်။ ဒီခရီးစဉ်ကြောင့် ၂ နှစ်နိုင်ငံအကြား စစ်လက်နက်ဆိုင်ရာ သဘောတူညီချက်တစ်ခု ဖြစ်လာနိုင်တဲ့အပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှု မြင့်တက်စေခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွီဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့မှာ မော်စကိုသို့ ထွက်ခွာခဲ့တယ်လို့ မြောက်ကိုရီးယား တရားဝင်သတင်းဌာန KCNA က ထုတ်ပြန်ပါတယ်။ သူမဟာ ဒီနေ့ (ဇန်နဝါရီ ၁၆) မှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ်နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောဆိုပါတယ်။ လက်ဗရော့ဗ်ရဲ့ ဖိတ်ခေါ်ချက်အရ ချိုး လာရောက်ခဲ့တာဖြစ်တယ်လို့လည်း ဝန်ကြီးဋ္ဌာနက ဆိုပါတယ်။

ယူကရိန်းနဲ့ တိုက်ပွဲမှာ အထောက်အကူဖြစ်ဖို့အတွက် မြောက်ကိုရီးယားဟာ အမြောက်တွေ၊ ဒုံးကျည်တွေအပါအဝင် စစ်လက်နက်တွေကို ရုရှားအား ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောဆိုပါတယ်။

မြောက်ကိုရီးယားက ပေးအပ်ခဲ့တဲ့ ဒုံးကျည်တွေကို ယူကရိန်းတိုက်ပွဲမှာ အသုံးပြုခဲ့တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ဘိုင်ဒင်အစိုးရအဖွဲ့က ပြောဆိုပါတယ်။ ရုရှားရဲ့ စစ်ပွဲမှာ ဒုံးကျည်တွေ ထောက်ပံ့ခြင်းဖြင့် မြောက်ကိုရီးယားဟာ အဖိုးတန်နည်းပညာတွေနဲ့ စစ်ရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေကို လက်ခံရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပူးတွဲထုတ်ပြန်ချက်မှာ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ၎င်းတို့ရဲ့ မိတ်ဖက်တွေက ပြောဆိုခဲ့ပါတယ်။

ချိုးရဲ့ ရုရှားခရီးစဉ်အပေါ် အနီးကပ်စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးဗြောင်ဆမ်က ပြောဆိုပါတယ်။ စက်တင်ဘာလအတွင်းက သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ရုရှားခရီးစဉ်နောက်ပိုင်း မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ စစ်လက်နက် အပြန်အလှန်ထောက်ပံ့ခြင်း အပါအဝင် တရားမဝင်တဲ့  ပူးပေါင်းဆောင်ရွက်မှုလုပ်ရပ်တွေကို ဆက်လုပ်ဆောင်နေတယ်လို့ သူက စွပ်စွဲခဲ့ပါတယ်။ ချိုးအနေနဲ့ ပူတင် မြောက်ကိုရီးယားကို အလည်အပတ် လာရောက်ဖို့ရာ စီစဉ်နေသလားဆိုတဲ့ မေးခွန်းကိုတော့ ကိုးက တိတိကျကျ ဖြေဆိုခဲ့ခြင်း မရှိပါဘူး။

မြောက်ကိုရီးယား စစ်လက်နက်တွေ ရုရှားကို လွှဲပြောင်းပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ရုရှားနဲ့ မြောက်ကိုရီးယား ၂ နှစ်နိုင်ငံစလုံးက ငြင်းဆိုခဲ့ကြပါတယ်။

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here