(၆၄) ရက်ကြာကျင်းပမည့်ရွှေစက်တော်ဘုရား ပွဲတော်အမီ အဆင့်မြှင့်တင်ပြင်ဆင်​နေ

0
370

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်ရှိ သမိုင်းဝင်ရွှေစက်တော်ဘုရားကြီး တည်းကျောင်းများနှင့် ဈေးဆိုင်တန်းများ ဆောက်လုပ်ရန် မြေနေရာသတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား အချိန်မီပြီးစီးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သုံးမိုင်အဝင်လမ်း မြေထိန်းနံရံများတွင် ကျောက်ကွက်အလှဖော်ခြင်း၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အထက်စက်တော်ရာ အတက်မုခ်ဦးရှိ လှေကားထစ်များ ပြုပြင်တည်ဆောက်ခြင်းနှင့် မိုးတွင်းကာလ မန်းချောင်းရေတိုက်စားခြင်းမှ ကာကွယ်ရန် မြေထိန်းနံရံများ၏ အောက်ခြေရှိ ကျောက်တုံးများ၊ Bedrock များကို သံခြင်းများဖြင့် ပြုပြင်တည်ဆောက်ခြင်းများကို အချိန်မီပြီးစီးအောင် လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် အောက်စက်တော်ရာ နဂါးရေအိုင်ပြုပြင်ခြင်း၊ ဘုံခုနစ်ဆင့် ရွှေချခြင်းနှင့် နံရံနှင့်မျက်နှာကြက်များကို ယွန်းအတတ်ပညာရှင်များ၏ လက်ရာဖြင့် ရုပ်လုံး၊ ရုပ်ကြွပေါ်လွင်အောင် ထုဆစ်စေခြင်း၊ တည်းကျောင်းများနှင့် ဈေးဆိုင်တန်း မြေနေရာသတ်မှတ်၍ စနစ်တကျတည်ဆောက်နေကြောင်း သိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ယခင်က ရက်ပေါင်း (၈၀) ကြာ ကျင်းပလေ့ရှိရာ ယခုနှစ်သည် မြန်မာလဝါထပ်နှစ်ဖြစ်သည့်အတွက် (၆၄)ရက်သာ ကြာမြင့်မည်ဖြစ်ပြီး ဘုရားပွဲတော်အား  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရောက်ကြသူများ အဆင်ပြေစေရန် တည်းခိုဆောင် အလုံးပေါင်း (၈၀၀)ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း(၄၀၀)ခန့်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မန်းရွှေစက်တော် ဘုရားပွဲတော်နှင့်အတူ ဘုရားကြီးအနီးရှိ မန်းချောင်း အပန်းဖြေ ဆင်စခန်းကိုလည်း ထူးခြားသည့် အစီအစဉ်သစ်များနှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေစက်တော် မန်းချောင်း အပန်းဖြေ ဆင်စခန်းတွင် ဆင်ပြတိုက်အဖြစ် ထည့်သွင်း ခင်းကျင်းပြသနိုင်ရန် ဆင်အရိုးစုများ၊ ဆင်နှင့် ပတ်သက်သည်များကို စုဆောင်းပြီးအဆင့်မြှင့်တင်နေကြောင်းလည်း ဆင်စခန်း တာဝန်ခံထံမှ သိရသည်။

ယခုနှစ်တွင် ဆင်များနှင့်အတူ ထူးခြားသည့် ဖျော်‌ဖြေတင်ဆက်မှုများ၊ ပွဲကြည့်စင် အသစ်တည်ဆောက်ခြင်း၊ ဆင်အရိုးစုများ၊ ဆင်နှင့်ပတ်သက်သည်များကို စုဆောင်းပြီး ဆင်ပြတိုက်အဖြစ် ထည့်သွင်း ခင်းကျင်းပြသနိုင်ရန် အဆင့်မြှင့်တင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here