ဒေသတွင်း တင်းမာမှု မြင့်တက်လာခြင်းအဖြစ် အီရတ်ရှိ အစ္စရေး ထောက်လှမ်းရေးဋ္ဌာနချုပ်ကို အီရန် တိုက်ခိုက်

0
222

အီရန်တော်လှန်ရေး အစောင့်တပ်ဟာ အီရတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်ဒေသရှိ အစ္စရေး ထောက်လှမ်းရေး ဋ္ဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက တနင်္လာနေ့ အနှောင်းပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး လက်ရွေးစင်တပ်ဖွဲ့ဟာ ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ကိုလည်း တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်မှာ စခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ် အကြား စစ်ပွဲမှာ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်ရှိ အီရန်ရဲ့ မဟာမိတ်တွေပါ ဝရုန်းသုန်းကား ပါဝင်လာမှုနဲ့အတူ အရှေ့အလယ်ပိုင်းတစ်ခွင် ပြန့်နှံ့သွားမယ့် ပဋိပက္ခတစ်ခုအဖြစ် အရှိန်မြင့်လာမယ့်အရေး စိုးရိမ်မှုတွေရှိနေချိန်မှာ ယခု တိုက်ခိုက်မှု ပေါ်ပေါက်လာဖြစ်ဖြစ်ပါတယ်။

“အစောင့်တပ်နဲ့ ခုခံရေး ဝင်ရိုးတန်းရဲ့ တပ်မှူးတွေ ကျဆုံးရမှုဖြစ်စေခဲ့တဲ့ မကြာခင်က ဇီယွန်ဝါဒီအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်တွေကို တုန့်ပြန်ခြင်းအဖြစ် အီရတ်နိုင်ငံ ကာဒစ္စတန်ဒေသရှိ မော့ဆက်သူလျှိုအဖွဲ့ရဲ့ အရေးပါတဲ့ ဋ္ဌာနချုပ်တွေထဲက တစ်ခုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်” လို့ တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိသေးသလို လတ်တလောမှာ အစ္စရေးအစိုးရ တာဝန်ရှိသူတွေထံ မေးမြန်းလို့ မရနိုင်သေးဘူးလို့ ရိုက်တာသတင်းဌာနက ပြောဆိုပါတယ်။

ဒမတ်စကတ်မြို့ ရပ်ကွက်တစ်ခုမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတဲ့ အဆင့်မြင့် အီရန်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဆေယက် ရာဇီ မိုဆာဗီ အပါအဝင် ပြီးခဲ့တဲ့လက ဆီးရီးယားမှာ အစောင့်တပ်ဖွဲ့ဝင် သုံးဦး သတ်ဖြတ်ခံခဲ့ရမှုအတွက် လက်စားချေသွားမှာဖြစ်ကြောင်း အီရန်က ကတိပြုထားခဲ့ပါတယ်။

အစောင့်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေဟာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေရဲ့ နောက်ဆုံးသွေးစက်တွေအတွက် လက်စားချေပြီးတဲ့အထိ ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို နိုင်ငံတော်အား မိမိတို့ အာမခံတယ်လို့ အစောင့်တပ်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ကာဒစ္စတန်ဒေသမြို့တော် အာဘီလ် အရှေ့မြောက်ပိုင်း အမေရိကန် ကောင်စစ်ဝန်ရုံးအနီး လူနေဧရိယာတစ်ခုကို တိုက်ခိုက်ခဲ့မှုအပြင် ဆီးရီယားနဲ့ အီရတ်ရှိ အိုင်အက်စ်အဖွဲ့ အပါအဝင် အကြမ်းဖက်စစ်ဆင်ရေး ကျူးလွန်သူတွေကို ပဲ့ထိန်းဒုံးကျည်အများအပြားနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အာဘီလ်မြို့အနီး တိုက်ခိုက်မှုတွေကို အဆင်ခြင်မဲ့ တိုက်ခိုက်မှုအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပေမယ့် အမေရိကန်ပိုင် အဆောက်အအုံတွေ ပစ်မှတ်ထားခံရခြင်း မရှိသလို အမေရိကန်နိုင်ငံသားတွေ ‌ေ-သဆုံးထိခိုက်တာမျိုး မရှိခဲ့ဘူးလို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

Ref: ဆောက်ချိုင်းနား မောနင်းပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here