ယခုလအတွင်း ပဲတီစိမ်းဈေးနှုန်း အမြင့်ပိုင်းသို့ ပြန်လည်ရောက်ရှိလာ

0
194

ယခုဇန်နဝါရီလအတွင်း ပဲတီစိမ်းဈေးနှုန်းမှာ အမြင့်ပိုင်းသို့ ပြန်လည်ရောက်ရှိလာပြီး လတ်တလောတွင် ဈေးကျမည့်အခြေအနေမရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီးမှ ပဲအရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ယခင်လက ပဲတီစိမ်းပိဿာ ၂၀ ကို ကျပ်ခြောက်သောင်းကျော်ခန့်သာ ပေါက်ဈေးရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ပဲတီစိမ်း ပိဿာ ၂၀ ကို ကျပ် ၇၂၀၀၀ အထိ ဈေးရရှိနေပြီး ပဲတီစိမ်းဈေး အမြင့်ပိုင်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ၎င်းက ဆိုသည်။

“အကြောင်းရင်းကတော့ ပဲတီစိမ်းရှားတာလည်း ပါတယ်။ ပဲတီစိမ်း အရည်အသွေးမြင့်တာလည်း ပါတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

မြန်မာ့ပဲတီစိမ်းကို ပြည်ပတင်ပို့မှုအနေဖြင့်လည်း သတ်မှတ်ထားသည့် အရည်အသွေးစံချိန်စံညွှန်းနှင့်အညီ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ဒီနှစ်အတိုင်းအတာကတော့ ပဲတီစိမ်းဈေးကလည်း ကျဖို့အခြေအနေ မရှိဘူး။ ဈေးတက်ဖို့ပဲ ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုရင် ပြည်ပတင်ပို့နေ တာလည်းရှိတော့ သူတို့ စာချုပ်ချုပ်ထားတဲ့ တန်ချိန်ကို မပြည့်မချင်း ပဲဈေးက ဆွဲယူနေမှာပဲ” ဟု  ပဲကုန်သည်တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး လယ်ယာထွက်ပစ္စည်း ထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံများ ဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်တစ်မယ်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here