City Taxi ယာဉ်များ ဘေးနှစ်ဖက် အဝါရောင်လိုင်း Sticker တပ်ဆင်မှု ၈၆ ရာခိုင်နှုန်းပြီးစီး

0
117

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ City Taxi ယာဉ်များကို အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှုမှာ ဇန်နဝါရီ (၁၅) ရက်အထိ ၈၆ ရာခိုင်နှုန်း တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ခန့်မှန်းယာဉ်အစီးရေ ၅၀၀၀၀ အထိပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

City Taxi ယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် နိုင်ငံတကာ Taxi ယာဉ်များနည်းတူ City Taxi ယာဉ်များဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း စတစ်ကာကပ်ရန် ညွှန်ကြားထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi ယာဉ်များအားလုံး အကျုံးဝင်ကြောင်း သိရသည်။

City Taxi ယာဉ်များတွင် အဝါရောင်ဘေး Sticker ကပ်ခြင်း လုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁) ရက်မှ ယခုနှစ် ဇန်န ဝါရီ (၃၁) ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ ရန်ကုန်တက္ကစီမှတ်ပုံတင် အစီးရေ ၅၈၄၈၁ စီးရှိပြီး အဝါရောင်လိုင်း Sticker တပ်ဆင်ရန်ကျန် အစီးရေ ၈၀၀၀ ခန့်ကျန်ရှိ နေသေးကြောင်းသိရသည်။

အဝါရောင်လိုင်း Sticker တပ်ဆင်ရန်ကျန်ရှိသော City Taxi ယာဉ်များအားလုံး ဇန်နဝါရီ (၃၁) ရက် နောက်ဆုံးထားတပ်ဆင်ရန်နှင့် တပ်ဆင်ခြင်းမရှိပါက လာမည့်ဖေဖော်ဝါရီ (၁) ရက်မှစတင်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၆) အရ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း YRTC ၏ အသိပေးထုတ်ပြန်ထားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here