ဒူးလေးပါတီ နာယက ဦးရွှေမင်း နေအိမ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

0
521

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူနယ်မြေ (၁၈) ရှိ ဒူးလေးပါတီ နာယက ဦးရွှေမင်း၏ နေအိမ်အား ယမန်နေ့ ဇန်နဝါရီ (၁၆) ရက် ညပိုင်းက လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည( ၇) နာရီအချိန်ခန့်က လက်နက်ကိုင်အဖွဲ့များမှ ( ၄၀) မမဖြင့် (၃)ချက်ခန့် လာ‌ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ကားဂိုဒေါင် မျက်နှာကျက်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ဂိုဒေါင်အတွင်း ရပ်ထားသည့် ကား၏ နောက်မှန်ထိခိုက် ပျက်စီးခဲ့ပြီး လူနှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

“မနေ့က ည (၇)နာရီ ကျော်လောက်မှာ ဦးရွှေမင်းအိမ်ကို လာပစ်တာ။ လူထိခိုက်တာမရှိဘူး။ အိမ်ခေါင်မိုးတော့ပျက်စီးသွားတယ် ” ဟု ရမ်ပူရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ယင်းနေ့ ည(၆)နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ ရွှေပြည်သာရပ်ကွက်အနီး ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်၊ဦးရွှေမင်းနေအိမ်အား (၄၀) မမဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများတွင် ဖော် ပြထားသည်။

ဒူးလေးပါတီ နာယက ဦးရွှေမင်းသည် လီဆူ ပြည်သူစစ်အဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here