ပုဂံဇုန် (၁၁) ခုရှိ ဘုရားသန့်ရှင်းရေးလုပ်ငန်းများ ဇွန်လအပြီး ဆောင်ရွက်သွားမည်

0
164

လာမည့် ဇွန်လတွင် ပုဂံဇုန် (၁၁) ခုလုံးရှိ ဘုရားများတွင်သန့်ရှင်းရေးလုပ်ငန်းများ အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘုရားများအပေါ်၌ ပေါက်နေသည့် ပေါင်းမြက်များ၊ ညောင်ပင်များ၊ လိုဏ်ဂူအတွင်းပိုင်းရှိ ဘုရားဆင်းတုတော်များ၏ သန့်ရှင်းရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှင်းလင်းရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဇူလိုင် (၄)ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိကာလ၌ ဧရိယာသုံးခုတွင် ၁၀၀ ရာခိုင်နှုန်း ရှင်းလင်းဆောင်ရွက်ပြီးစီးကာ ကျန်ဧရိယာ သုံးခုကို ထပ်မံဆောင်ရွက်နေရာတွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု သိရသည်။

“ကျန်တဲ့ဧရိယာ ငါးခုကိုလည်း ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရည်မှန်းချက်အနေနဲ့ကတော့ ၂၀၂၄ ခုနှစ် (၆) လပိုင်းမှာ အပြီးဆောင်ရွက်သွားဖို့ မှန်းထားပါတယ်” ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။

ဘုရား၊ စေတီ၊ ပုထိုးများ၏ ပေ (၂၀) ပတ်လည်ရှိ ရှေးဟောင်း အဆောက်အအုံများကို အနှောင့်အယှက်ဖြစ်စေသည့် အပင်များကိုလည်း ခုတ်ထွင်ရှင်းလင်းရန် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

“ဒီမှာ ခါတိုင်းနှစ်တွေနဲ့ မတူဘူး။ ရာသီဥတုက ပြောင်းလဲလာတဲ့အခါ မိုးများတော့ ဘုရားတွေပေါ်မှာ အပင်တွေပေါက်တာများတယ်။ အပင်တွေသန်တယ်။ တစ်ခါရှင်းပြီးသွားရင်လည်း အုတ်က အစိုဓာတ်ရှိနေသေးတော့ အပင်တွေထပ်ပေါက်တော့ ထပ်ရှင်းရတယ်။ အပင်တွေက ရှင်းပြီးသွားလို့ သုံးပတ်၊ လေးပတ်လောက်အတွင်းမှာကို ပြန်ပေါက်တယ်။ ဒီနှစ်မှာဆိုရင် အပြန်ပြန် အလှန်လှန် ရှင်းပေးနေရပါတယ်။ မိုးပြတ်တာတောင် အုတ်တွေကနေ စုပ်ယူထားတဲ့ ရေဓာတ်တွေက မကုန်တဲ့အပြင် ဆောင်းဝင်လာတော့ ဆောင်းရဲ့အအေးဓာတ်နဲ့ ထပ်ရှိနေသေးတော့ အပင်တွေက ပေါက်အားများတယ်။ ညောင်ပင်တွေဆိုလည်း ဆေးထိုးသတ်ရတာပါတယ်”ဟု ၎င်းက ဆိုသည်။

ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုများလည်းရှိနေပြီး လမ်းကောင်းမွန်ရေး၊ ဘုရားများကို ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရန် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားချက်ပေးထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြပ်မတ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရဟန်း၊ သံဃာတော်များ ဦးဆောင်သည့် ပရဟိတအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုံစာ-ပုဂံဒေသရှိ ဘုရားပုထိုးများမှ နွယ်ပင်၊မြက်ပင်များအား ရှင်းရှင်းနေကြစဉ်/ ဓာတ်ပုံ – Kyaw Myo Win


LEAVE A REPLY

Please enter your comment!
Please enter your name here