အသက်မွေးဝမ်းကျာင်းပညာ ကာလတိုသင်တန်းများ ၇၇ ရာခိုင်နှုန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး​နေ

0
688

၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိအသက်မွေးဝမ်းကျာင်းပညာ ကာလတိုသင်တန်းပေါင်း ၅၉၆ ကြိမ် ဖွင့်လှစ်ပေးနိုင်ရန်လျာထားပြီး ၄၆ဝ ကြိမ် အခမဲ့ဖွင့်လှစ်ပေးပြီးဖြစ်ရာ ၇၇ ရာခိုင်နှုန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း စသည့် အသက်မွေးဝမ်းကျောင်း ပညာကာလတိုသင်တန်းများကို ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင်  ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

“ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးစေရန်နှင့်အသေး စားစက်မှုလက်မှုလုပ်ငန်းများ တွင်ကျယ်လာစေဖို့အတွက် ၂၀၂၃ – ၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်းမှာ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းစတဲ့ ကာလတိုသင်တန်းပေါင်း ၅၉၆ ကြိမ် ဖွင့်လှစ်သင်ကြားပေးဖို့လျာထားပါတယ်။ ယနေ့ထိတော့ ၇၇ ရာခိုင်နှုန်းကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က ပြောသည်။

ဦးစီးဌာနအနေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်းသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းပညာသင်တန်း၊ အခြေခံ သံဂဟေဆက်သင်တန်း၊ အခြေခံဒီဇယ်တစ်လုံးထိုးအင်ဂျင် ပြုပြင်နည်းသင်တန်း၊ လေအေး ပေးစက်နှင့် ရေခဲသေတ္တာပြုပြင်နည်း သင်တန်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် EFI အင်ဂျင်ပြုပြင်နည်းသင်တန်း၊ ဝါးလက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ သစ်အခြေခံပရိဘောဂသင်တန်း၊ အုန်းအခြေခံလက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ အလှဆောင်း ပုသိမ်ထီး အချောထည်ပြုလုပ်နည်းသင်တန်း၊ ပလတ်စတစ်လက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ အခြေခံအပ်ချုပ်စက်ပြုပြင်နည်းသင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းတို့လည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အလားတူ စက်ရက်ကန်း စက်ပြင်စက်မောင်းသင်တန်း၊ သဘာဝဆိုးဆေးသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း၊ လက်ရက်ကန်းဖဲနှတ်ကောက်သင်တန်း၊ ရွှေဇဝါယွန်းနည်းပညာသင်တန်း၊ ကညစ်ယွန်းပညာသင်တန်း၊ ငှက်ပျောလျှော်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုသင်တန်း၊ အုန်းဆံမျှင်အခြေခံတန်ဖိုးမြှင့်လက်မှုထည်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းတို့လည်းပါဝင်ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းအမျိုးအစားများအနေဖြင့် စားသောက်ရေး၊ ဝတ်ဆင်ရေး၊ နေထိုင်ရေး၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ ပုံနှိပ်နှင့်စာပေ၊ ကုန်ကြမ်းပစ္စည်း၊ ဓာတ်သတ္တု၊ စိုက်ပျိုးရေး၊ စက်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်းနှင့် အထွေထွေစက်မှုလက်မှုလုပ်ငန်းဖြစ်ကြောင်း လုပ်ငန်းအမျိုးအစား (၁၃)မျိုးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here