ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေး လမ်းကြောင်းဖွင့်ပေးမှုဟာ အစ္စရေးလုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဘလင်ကန် ပြောဆို

0
101

ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေး လမ်းကြောင်းတစ်ခုမထားရှိပါက အစ္စရေးနိုင်ငံအနေနဲ့ စစ်မှန်တဲ့ လုံခြုံရေး ရရှိနိုင်မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပြီး ဒီအကြောင်းအရာဟာ အရှေ့အလယ်ပိုင်းကို စည်းလုံးညီညွတ်စေရာမှာ အထောက်အကူပြုနိုင်သလို အစ္စရေးရဲ့ ထိပ်တန်းပြိုင်ဘက် အီရန်ကို အထီးကျန်စေနိုင်တယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

ဆွစ်ဇာလန် စကိတ်အပန်းဖြေစခန်း ဒါးဗို့စ်မှာပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားခဲ့မှုအတွင်း ဘလစ်ကင်က အစ္စရေးနိုင်ငံအပေါ် အာရပ်နဲ့ မွတ်ဆလင်ကမ္ဘာရဲ့ အမြင်ဟာ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်ခြင်းဟာ ဒေသတွင်းမှာ အစ္စရေးကို ပေါင်းစည်းစေရေး အထောက်အကူဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဒီကိစ္စအတွက် အရမ်းခက်ခဲပြီး စိန်ခေါ်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်မယ်ဆိုတာ သေချာကြောင်းနဲ့ ဒီရှုထောင့်အတွက် ပွင့်လင်းတဲ့ အတွေးအမြင်တစ်ခု လိုအပ်ကြောင်း ဘလကန်က ပြောဆိုပါတယ်။

ဘိုင်ဒင်အစိုးရအဖွဲ့ဟာ အောက်တိုဘာ ၇ ရက်မှာဟားမတ်စ်အဖွဲ့က အစပြုဖြစ်ပေါ်လာတဲ့ အစ္စရေးရဲ့ ဟားမတ်စ် ချေမှုန်းရေးစစ်ပွဲမှာ ပါလက်စတိုင်း အရပ်သား သေဆုံး/ ဒဏ်ရာရ အရေအတွက် များပြားလာမှုအပေါ် စိုးရိမ်မှုမြင့်တက်လာခြင်းနဲ့ အစ္စရေးအပေါ် အမေရိကန်က ကာလကြာရှည် ထောက်ခံပံ့ပိုးနေမှုအကြား ထိန်းကျောင်းကိုင်တွယ်ရာမှာ ဘေးကျပ်နံကျပ်ဖြစ်လာခဲ့ပါတယ်။

ပါလက်စတိုင်းနိုင်ငံဖြစ်ပေါ်လာရေး လမ်းကြောင်းတစ်ခု လိုအပ်ကြောင်းကို ဘလင်ကန်က ထပ်လောင်းပြောဆိုခဲ့ပြီး ဒီလိုမှမဟုတ်ရင် အစ္စရေးအနေနဲ့ စစ်မှန်တဲ့ လုံခြုံရေးရရှိမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဒါးဗို့စ်ဖိုရမ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း တူညီတဲ့ အမြင်သဘောထားမျိုးထုတ်ဖော်လာခဲ့အပြီးမှာ ဘင်လစ်ကန်ရဲ့ မှတ်ချက်ထွက်လာတာဖြစ်ပါတယ်။ အစ္စရေးအနေနဲ့ ၎င်းရဲ့ စစ်ဆင်ရေးကို အဆုံးမသတ်ရင်ဒေသတွင်း တိုက်ခိုက်မှုတွေ ပြင်းထန်လာနိုင်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရပ်ဒိုလာဟင်က သတိပေးခဲ့ပါတယ်။

Source: AP


LEAVE A REPLY

Please enter your comment!
Please enter your name here