ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်၏ ပထမဆုံးစစ်ရေးလှုပ်ရှားမှုစတင်

0
176

တိုင်ပေ၊ဇန်နဝါရီ ၁၈

ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်၏ပထမဆုံးစစ်ရေးလှုပ်ရှားမှုအနေဖြင့် တရုတ်စစ်သင်္ဘောများနှင့် ပူးတွဲတိုက်ခိုက်ရေးအတွက် ကင်းလှည့်ပြီးအသင့်အနေအထားပြုလုပ်နေသည့် တရုတ်စစ်လေယာဉ် ၁၈ စီးအား ထိုင်ဝမ်အနီး၌ တွေ့ရှိရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရအနေဖြင့် အတန်တန်ငြင်းပယ်နေသည့်ကြားမှ တရုတ်က ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ်သတ်မှတ်ကာ လွန်ခဲ့သည့်လေးနှစ်ခန့်ကတည်းက ထိုင်ဝမ်ရေလက် ကြားသို့ စစ်သင်္ဘောများနှင့်စစ်လေယာဉ်များ ပုံမှန်ဆိုသလိုစေလွှတ်ခဲ့သည်။

ပြီးခဲ့သည့်စနေနေ့ကပြုလုပ်ခဲ့သည့် ထိုင်ဝမ်ရွေးကောက်ပွဲ၌ လက်ရှိအာဏာရပါတီ DPP ဒုတိယသမ္မတလိုက်ချင်တီ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး တရုတ်ကမူ မစ္စတာလိုင်အား အန္တရာယ်ရှိသည့်ခွဲထွက်ရေးသမားတစ်ဦးအဖြစ်သတ်မှတ်ခဲ့သည်။

ထိုင်ဝမ်နိုင်ငံ မြောက်ပိုင်း၊အလယ်ပိုင်းနှင့် ကျွန်း၏အနောက်တောင်ပိုင်းတို့တွင် ပျံသန်းနေသည့် Su-30 တိုက်လေယာဉ်များအပါအဝင် လေယာဉ် ၁၈ စီးကို ဗုဒ္ဓဟူးနေ့ဒေသစံတော်ချိန် ည ၇ နာရီ ၅၀ ဝန်းကျင်တွင် စတင်တွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါလေယာဉ်များအနက် ၁၁ စီးသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကိုဖြတ်ကျော်ကာ “ပူးပေါင်းတိုက်ခိုက်ရေး အဆင်သင့်ကင်းလှည့်မှုများ” လုပ်ဆောင်ရန် တရုတ်စစ်သင်္ဘောများနှင့် ပူးတွဲလုပ်ဆောင်နေကြောင်းလည်း ထိုင်ဝမ်ကာကွယ်‌ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

သို့ဖြစ်၍ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြေအနေအား စောင့်ကြည့်ထိန်းချုပ်နိုင်ရန် တပ်ဖွဲ့များအားစေလွှတ်ခဲ့သည်ဟုလည်းပြောကြားခဲ့သည်။လက်ရှိအချိန်အထိ တရုတ်ကာကွယ်ရေးဝန်ကြီးဘက်မှ ယခုသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။

အမေရိကန်ကမူ ၎င်းအနေဖြင့် ပေကျင်း၏လုပ်ရပ်များကို အနီးကပ်စောင့်ကြည့်နေပြီး ထိုင်ဝမ်ရွေးကောက်ပွဲအား တင်းမာမှုမြင့်တက်လာစေမည့် အကြောင်းအရင်းတစ်ခုအနေဖြင့်အသုံးမချရန်လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Source : ရိုက်တာ/အာစီ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here