ကာတာနှင့်ပြင်သစ်တို့သည် ဂါဇာရှိဓားစာခံများအတွက် ဆေးဝါးများပေးပို့ခဲ့

0
105

ရာဖက်ဖ်၊ဇန်နဝါရီ ၁၈

အစ္စရေးနှင့် ဟားမတ်စ်တို့အကြား နိုဝင်ဘာလက အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ယခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် ကာတာနှင့်ပြင်သစ်တို့၏ကြားဝင်စေ့စပ်မှုနှင့် ဟားမတ်စ်တို့ဖမ်းဆီးထားသည့် ဓါးစာခံများအတွက် ဆေးဝါးထောက်ပံ့နိုင်ရန် အထောက်အကူပစ္စည်းများ ဂါဇာသို့ရောက်နေပြီဖြစ်ကြောင်းသိရသည်။

ယခုသဘောတူညီချက်အရ ဖမ်းဆီးခံထားရသော ဓားစာခံ ၁၀၀ ခန့်အား သက်သာရာရစေမည့်အပြင် အကူအညီအလွန်အမင်းလိုအပ်နေသည့် ဂါဇာရှိ ပါလက်စတိုင်းတို့ကိုလည်း အထောက်အကူဖြစ်‌စေနိုင်သည်။ 

သို့သော် နယ်မြေအများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ပွဲပြီးဆုံးခြင်းနှင့်ဓားစာခံများလွတ်မြောက်ရေးကို မည်သည့်နေရာတွင်မှမမြင်နိုင်သေးပေ။

ယခုလက်ရှိအချိန်တွင် ဆေးဝါးများသယ်ဆောင်လာသည့် အဆိုပါသင်္ဘောသည် ဂါဇာသို့ဝင်ရောက်လာပြီဟုဆိုသော်လည်း အထောက်အပံ့ ပစ္စည်းများအား မည်သည့်အချိန်တွင် မည်သို့ဖြန့်ဝေမည်ကိုမူ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

ယခုသဘောတူညီချက်သည် အစ္စရေး – ဟားမတ်စ်စစ်ပွဲ ရက် ၁၀၀ ကျော်ပြီးချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယခုအထိ ပါလက်စတိုင်းဒေသခံ ၂၄,၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့အား အမြစ်ပြတ်သုတ်သင်ရန်သန္နိဌာန်ချထားကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က စစ်သွေးကြွများသည် အစ္စရေးနယ်စပ်ကာကွယ်ရေးကိုဖြတ်ကျော်ကာ ရပ်ရွာအများအပြားကိုဝင်ရောက်စီးနင်းခဲ့သည်။ ယင်းသို့စီးနင်းမှုကြောင့် လူ ၁,၂၀၀ ခန့် သေဆုံးကာ လူပေါင်း ၂၅၀ ခန့်ကိုလည်း ဓါးစာခံအဖြစ်ဖမ်းဆီးခဲ့သည်။

အစ္စရေးကမူ ဟားမတ်စ်အား အပြီးသတ်ချေမှုန်းမည်ဟုဆိုကာ ဓါးစာခံများ အလုံးစုံလွတ်မြောက်ရေးအတွက်လည်း ကတိပြုထားခဲ့သည်။

Source : အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here