အာဆီယံနှင့်အတူလက်တွဲကာ မြန်မာအားကူညီမည်ဟု ထိုင်းအစိုးရကတိပြု

0
123

ဒါဗို၊ဇန်နဝါရီ ၁၈

ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့ပစ္စည်းများပေးပို့ရန်နှင့် အိမ်နီးချင်းမြန်မာနိုင်ငံ၌ ငြိမ်းချမ်း‌ရေးအဆင့်မြှင့်တင်ရန်တို့အတွက် အာဆီယံနှင့်အတူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ ဒုတိယ ဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနျူကူရာက ဇန်နဝါရီ ၁၆ ရက်၌ ဆွစ်ဇာလန်နိုင်ငံ၊ဒါဗို့မြို့တွင်ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၌ပြောကြားခဲ့သည်။

ဒါဗို့မြို့၌ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ၅၄ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအ‌ဝေးအား မစ္စတာ ပန်ပရီသည် ဒုတိယဝန်ကြီး ဆီဟာဆက်နှင့်အတူ တက်ရောက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏အဆင့်မြင့်ကိုယ်စားလှယ်များနှင့် မြန်မာ့အရေးဆွေးနွေးကြရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်‌ကြောင်းလည်းသိရသည်။

မစ္စတာပန်ပရီကမူ ထိုင်းအစိုးရအနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေးနှင့် ညီညွတ်မှုရှိရေးတို့အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ညီညွတ်ပြီးသဟဇာတဖြစ်သည့် ငြိမ်းချမ်းသောနိုင်ငံရေးဆုံးဖြတ်ချက်တစ်ရပ်သို့ ဦးတည်သည့် ညှိနှိုင်းဆွေးနွေးပွဲများ၌ ပူးပေါင်းပါဝင်ရန်လည်း မြန်မာနိုင်ငံအတွင်းရှိအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းကိုပါ အထူးအလေးထားပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံနယ်စပ်သို့ထွက်ပြေးလာကြသည့် မြန်မာနိုင်ငံသားများအတွက် လိုအပ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကိုပေးပို့ခဲ့ကြောင်းလည်းသိရသည်။ဆက်လက်၍ ၎င်းက မြန်မာနိုင်ငံတွင်းလူသားချင်းစာနာမှုအထောက်အပံ့လိုအပ်သူများအတွက်ကိုပါ ပေးပို့သွားနိုင်ရန်လည်း မြန်မာအစိုးရနှင့်ဆွေးနွေးနေကြောင်းပါပြောခဲ့သည်။

၎င်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ‌
ကော်မီတီဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးသေးကြောင်းသိရပြီးအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မီတီ၏ ဒေသဆိုင်ရာရုံးတစ်ခုကိုပါ ထိုင်းနိုင်ငံ၌ဖွင့်လှစ်စေလိုပြီး ထိုရုံးသည် ဒေသတွင်းလူသားချင်းစာနာသောအထောက်အပံ့များ ပံ့ပိုးသွားမည်ဖြစ်ကာ အထူးသဖြင့် မြန်မာနိုင်ငံသို့အထောက်အပံ့များပေးသွားရန်ရည်ရွယ်ကြောင်းလည်းသိရသည်။

ဆက်လက်၍ ထိုင်းနိုင်ငံအ‌နေဖြင့် မြန်မာ့အရေးအပါအဝင် ဒေသတွင်းညှိနှိုင်းဆွေးနွေးမှုများနှင့်စည်းလုံးညီညွတ်မှုများအားမြှင့်တင်ရာ၌ဦးဆောင်မည့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့် လာအိုနိုင်ငံကိုလည်းထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းလည်းပြောခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here