ကြက်သွန်နီဈေးကျပြီး ဈေးကွက်မငြိမ်သည့် အခြေအနေတွေ ရှိနေ

0
158

လက်ရှိတွင် ကြက်သွန်နီဈေးကွက်အတွင်း  ဈေးနှုန်းများကျနေပြီး ဈေးကွက်မငြိမ်သေးသည့် အခြေအနေတွင် ရှိနေကြောင်း ကြက်သွန်နီရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။

“ကြက်သွန်နီက အခုရက်တော့ ဈေးတွေကျနေတယ်။ ဈေးတွေက အခုရွာမှာဆိုရင် ၂၀၀၀ ဝန်းကျင်ပဲ ရှိတော့တယ်။ တောဈေးပါ။ မြို့တွေပြန်ရောင်းတာ အလွန်ဆုံးရ ကျပ် ၂၇၀၀ ပါ ။ပြောရမယ်ဆိုရင် ဈေးကွက်ကတော့မငြိမ်ဘူး” ဟု ကြက်သွန်နီရောင်းဝယ်ရေးလုပ်ကိုင်သည့် ကုန်သည်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကြက်သွန်နီ ဈေးနှုန်းများကျဆင်းနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ဈေးနှုန်းတက်လာမှုများ မရှိနိုင်သေးကြောင်းလည်း သိရသည်။

“အရင် ကျပ်၂၆၀၀ နဲ့ မိထားရာကနေပြီးတော့ အခုရွာဈေး ကျပ် ၂၀၀၀ ဆိုတော့ ကျပ် ၆၀၀ လောက် ကျပါတယ်။ ဈေးကျတာ တစ်ပတ် လောက်ရှိနေပြီ။ ကျွန်မကတော့ ဆက်ပြီးကျဖို့မြင်တယ်။ လမ်းကြောင်းအခြေအနေကြောင့် ကျွန်မတို့ဆီ ကြက်သွန်တွေက များလာတယ်။ ဆက်တက်ဖို့တော့ မမြင်သေးဘူး” ဟု ကြက်သွန်နီရောင်းဝယ်ရေးကုန်သည်တစ်ဦးက သုံးသပ်သည်။

လက်ရှိတွင်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား အသေးတစ်ပိဿာလျှင် ငွေကျပ်၂၇၀၀၊ အလတ်တစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀၊ အကြီးတစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀၊ ဂျွန်ရောရာ တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀၊ မြင်းခြံကြက်သွန်နီ အသေး တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၊ အလတ်တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here