ဖားကန့်ရှိ စစ်ရှောင်စခန်းခြောက်ခုတွင် စစ်ဘေးရှောင်ပြည်သူ (၄၀၀၀)ကျော် အတွက် စားနပ်ရိက္ခာများ လိုအပ်နေဟု ဆို

0
104

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း (၆)ခုရှိ စစ်ဘေးရှောင်ပြည်သူ (၄၀၀၀)ကျော်အတွက် စားနပ်ရိက္ခာများ အမြန်လိုအပ်နေကြောင်း ဒေသအခြေစိုက်သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။

စားနပ်ရိက္ခာ အခက်အခဲရှိနေသည့် စစ်ရှောင်စခန်းများမှာ ဝှေ့ခါ၊ ဂျန်ဂါ၊ မကပင်၊ မော်လကင်၊ ဆိုင်းတောင်နှင့် ခက်ဂျန် စခန်းများရှိ ဒေသတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ဖြစ်ကြောင်း ဆို သည်။

ယနေ့တွင် စစ်ရှောင်ပြည်သူ( ၄၀၀၀ ) ကျော်အတွက် စားဝတ်နေရေး အကူအညီလိုအပ်နေပြီး ပါဝင်လှုဒါန်းပေးကြရန် သင်္ခါလူမှုကူညီရေးအသင်း တောင်းဆိုထားသည်။

“အခုက ဆိုင်းတောင်ရွာက ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယန်ကျောင်းတွေ ဒီဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေကြရတာပေါ့။ စစ်ရှောင်ရင်း မီးဖွားမယ့်အမျိုးသမီးတွေတောင်ပါလို့ ကျွန်တော်တို့ ကူညီပေးနေပါတယ်။ တိုက်ပွဲကအခုထိ ဖြစ်နေတုန်းပါ”ဟု အသင်းတာဝန်ခံ ကိုထွန်းက ပြော သည်။

ယနေ့ ဇန်နဝါရီလ (၁၉)ရက် နံနက်ပိုင်းတွင် ဆိပ်မူ-မှော်ရှန် ဘုန်းကြီးကျောင်း၌ ဝှေခါစစ်ဘေးရှောင် ပြည်သူများအား ဖားကန့် အခြေစိုက်ကွန်းဖောင်ဒေးရှင်းနှင့် ဖားပြင်ကျေးရွာရှိ လူမှုကူညီရေးအသင်းက လူသားချင်းစာနာထောက်ထားကူညီမှုအနေဖြင့် ထမင်းအဟာရများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုလ ဇန်နဝါရီလ(၆)ရက်တွင် မြစ်ကြီးနား- ဖားကန့်လမ်းရှိ နန့်တိန်းကျေးရွာအနီး တပ်မတော်နှင့် KIA အဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြသလို ဇန်နဝါရီ (၁၀)ရက်တွင်လည်း ဖားကန့်ဝှေ့ခါ ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အလားတူ ယနေ့ ဇန်နဝါရီ(၁၉)ရက် နံနက်(၁၀) နာရီအချိန်ခန့်တွင် နှစ်ဖက်ထိတွေ့တိူက်ပွဲများကြောင့် ဖားကန့် မှော်မောင်းလျှံကျေးရွာအတွင်း လက်နက်ကြီးကျည် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ- သင်္ခါလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here