မြစ်ကြီးနား – ဖားကန့်လမ်းကို ယနေ့ ပြန်လည်ဖွင့်ပေး

0
101

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဖားကန့် လမ်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက Popular News ကို ပြောသည်။

မြစ်ကြီးနား – ဖားကန့်လမ်းအတွင်း စစ်ရေးတင်းမာမှုအခြေအနေများကြောင့် ဇန်နဝါရီ(၁၅)ရက်မှ (၁၈) ရက်အထိ ယာယီပိတ်ထားရာမှ ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက်(၈)နာရီလောက်မှာ ဖွင့်ပေးလိုက်တာပါ။ အိပ်စောင့်တဲ့ ကားတွေတော့ အတက်အဆင်း ထွက်နေကြပြီ။ ပြန်ဖွင့်ပေးတော့လည်း ဝမ်းသာတာပေါ့ဗျာ။ ဝမ်းနည်းတာကတော့ ဒီနေ့ဘဲ ဆီဈေးက (၂၆၀၀) ကျော်သွားပြီ” ဟု ဒေသခံယာဉ် မောင်းတစ်ဦးက ပြောသည်။

ဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် မြစ်ကြီးနား – ဖားကန့်လမ်းကို ယမန်နေ့ ဇန်နဝါရီ(၁၈)ရက်တွင် ပြန်ဖွင့်ပေးမည်ဟုသတင်းထွက်ခဲ့သော်လည်း ယနေ့မှ ပြန်လည်ဖွင့်ပေးခြင်းဖြစ်ပြီး ယာယီ လမ်းပိတ်ထားမှုသည် (၄)ရက်ကြာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလမ်းပိုင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။

စစ်ရေးအခြေအနေများကြောင့် တပ်မတော်ဘက်က ကာမိုင်းမြို့အဝင်ဂိတ်၊ နန့်ယားဂိတ်၊ ဖားကန့်လယ်ပြင် ရမ်းချက်ဂိတ် နေရာ(၃) နေရာတွင် အတက်အဆင်းလမ်း များအားလုံး ယာယီပိတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၃)နာရီအချိန်မှစတင်၍ ဖားကန့် မြိုနယ် ဝှေခါကျေးရွာအနီးတိုက် ပွဲများထပ်မံ ဖြစ်ပွားလျက်ရှိ​နေ​သေးပြီး၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ဖြစ် ပွားလျက်ရှိရာ၊ ယနေ့ ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် မှော်မောင်းလျံကျေး ရွာအတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here