ဂျပန်သည် လကမ္ဘာသို့ အာကာသယာဉ် ဆင်းသက်နိုင်သည့် ကမ္ဘာ့ပဉ္စမမြောက်နိုင်ငံဖြစ်လာ

0
101

ဂျပန်နိုင်ငံရဲ့ အာကာသယာဉ်မှူးလိုက်ပါခြင်းမရှိတဲ့ အာကာသယာဉ်တစ်စင်းဟာ စနေနေ့(ဇန်နဝါရီ ၂၀) အစောပိုင်းမှာ လမျက်နှာပြင်ပေါ်ကို ချောချောမွေ့မွေ့ ဆင်းသက်နိုင်ခဲ့တာကြောင့် ဂျပန် သမိုင်းတစ်လျှောက် လပေါ်ကို ရောက်ရှိနိုင်တဲ့ ကမ္ဘာ့ပဉ္စမမြောက်နိုင်ငံဖြစ်လာခဲ့ပါပြီ။

သို့ပေမယ့် လစူးစမ်းရေးယာဉ် Smart Lander for Investigating Moon-SLIM ဟာ သူ့ရဲ့ ပထမဦးစားပေးဖြစ်တဲ့ တိကျသေချာသော ဆင်းသက်မှုလုပ်ငန်းစဉ်ကို အောင်မြင်ခဲ့သလားဆိုတာ အကဲဖြတ်ဖို့ အချိန်လိုသေးတယ်လို့ အာကာသအရာရှိတွေက ပြောဆိုပါတယ်။ ဒါ့အပြင် ယာဉ်ရဲ့ ဆိုလာရွက်တွေဟာ လျှပ်စစ်ဓါတ်အားထုတ်ပေးနိုင်ခြင်းမရှိ ဖြစ်ခဲ့တာကြောင့် လပေါ်မှာ ယာဉ်ရဲ့ လုပ်ငန်းဆောင်တာတွေ အချိန်တိုတောင်းသွားဖို့ရှိတယ်လို့ ၎င်းတို့က ပြောဆိုပါတယ်။

SLIM ဟာ စီစဉ်ထားတဲ့အတိုင်း သေးငယ်တဲ့ လပေါ်သွားယာဉ်လေးတွေကို စေလွှတ်ပေးခဲ့တယ်လို့ အာကာသအရာရှိတွေက ယုံကြည်ထားပြီး အချက်အလက်တွေကို ကမ္ဘာသို့ ပြန်ပို့နေပြီဖြစ်တယ်လို့ ဂျပန် အာကာသအေဂျင်စီရဲ့ ယူနစ်တစ်ခုဖြစ်တဲ့ အာကာသနဲ့ အာကာသယာဉ်သိပ္ပံဋ္ဌာန အကြီးအကဲ ဟီတိုရှီ ကူနီနာကာက ပြောဆိုပါတယ်။

ဒါပေမဲ့ SLIM ရဲ့ ဆိုလာဘက္ထရီဟာ စွမ်းအင်ထုတ်မပေးနိုင်တာကြောင့် နောက်နာရီအနည်းငယ်ကြာထိသာ ဘက္ထရီသက်တမ်းရှိတော့တယ်လို့ သူက ဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ လက်ကျန် ဘက္ထရီသက်တမ်းအတွင်း အာကာသယာဉ်အတွက် ဦးစားပေးအရာက လနဲ့ ယာဉ်ဆင်းသက်မှုလုပ်ငန်းစဉ်အကြောင်း တတ်နိုင်သမျှ များများစုဆောင်းရရှိရေးဖြစ်တယ်လို့သူက ပြောဆိုသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ပြီးရင် လပေါ်ကို အောင်မြင်စွာ ရောက်ရှိခဲ့တဲ့ ပဉ္စမြောက်နိုင်ငံဖြစ်လာခဲ့တာဖြစ်ပါတယ်။

Ref: AP


LEAVE A REPLY

Please enter your comment!
Please enter your name here