ဘိုင်ဒင်က ဂါဇာတိုက်ပွဲ၊ ပါလက်စတိုင်းနိုင်ငံအရေးတို့နဲ့ ပတ်သက်ပြီး နေတန်ယာဟုနဲ့ ဆွေးနွေး

0
95

ပါလက်စတိုင်းတို့အတွက် ကိုယ်ပိုင်စစ်တပ် မထားရှိရသော လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖန်တီးရေး ဖြစ်နိုင်ဖွယ်ရာ ဖြေရှင်းနည်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ဒင်က နေတန်ယာဟုနဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုဟာ တစ်လနီးပါးအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောဆိုပြီး ဂါဇာဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆက်ဆင်နေမှုအပေါ် အဓိထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုခဲ့ပါတယ်။

အစ္စရေးနိုင်ငံ လုံခြုံရေးအတွက် အာမခံချက်မပေးနိုင်တဲ့ ပါလက်စတိုင်းနိုင်ငံတော် အစီအစဉ်ကို ကန့်ကွက်တယ်ဆိုတဲ့ ကြာသပတေးနေ့က နေတန်ယာဟုရဲ့ မှတ်ချက်ကြောင့် ယခုလို ဖုန်းဆက်သွယ်ဆွေးနွေးမှု လုပ်ခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောဆိုပါတယ်။ နေတန်ရာဟု ဝန်ကြီးချုပ်သက်တမ်းမှာ နှစ်နိုင်ငံ ဖြေရှင်းချက်ပုံစံဟာ မဖြစ်နိုင်တော့ဘူးလားဆိုတဲ့ မေးမြန်းချက်ကို “ဒီလိုတော့ မဟုတ်ပါဘူး” လို့ ဘိုင်ဒင်က ပြောဆိုကြောင်း သိရပါတယ်။

အမေရိကန်မြို့တော်ဝန်တွေနဲ့ အစည်းအဝေးလုပ်အပြီး သတင်းထောက်တွေကို ဘိုင်ဒင်က ပြောဆိုရာမှာ နေတန်ယာဟုအနေနဲ့ နှစ်နိုင်ငံဖြေရှင်းချက်ပုံစံအားလုံးကို ဆန့်ကျင်ခဲ့ခြင်း မရှိကြောင်း၊ ဖြစ်နိုင်ဖွယ် ဖြေရှင်းနည်းပုံစံများစွာရှိကြောင်းနဲ့ အချို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်တပ်ထားရှိကြခြင်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံ ဖြေရှင်းချက်ကို ငြင်းဆန်တဲ့ နေတန်ယာဟုရဲ့ မှတ်ချက်တွေကြောင့် အစ္စရေးအပေါ် ပေးအပ်ထားတဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး ပြန်စဉ်းစားဖို့ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ မိမိတို့အနေနဲ့ တစ်ခုခု လုပ်နိုင်မယ်လို့ ထင်ကြောင်း၊ အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ ထင်ပါကြောင်း ပြန်လည်ဖြေကြားသွားပါတယ်။

ဟားမတ်စ်လက်တွင်း ကျန်ရှိနေတဲ့ ဓါးစာခံတွေ လုံခြုံဘေးကင်းမှုရှိရေး လုပ်ဆောင်မှုတွေ၊လူသား ချင်း စာနာမှု အကူအညီတွေ ပိုမိုရောက်ရှိနိုင်ရေးအတွက် ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးကို ပစ်မှတ်သတ်မှတ် ဖော်ဆောင်ပေးရေးကိစ္စတွေကို ဘိုင်ဒင်နဲ့ နေတန်ယာဟုတို့ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောဆိုသွားပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here