ဂါဇာစစ်ပွဲမှာ တိုက်ပွဲတစ်ခုအတွင်း အသေအပျောက်အများဆုံးဖြစ်ရပ်အဖြစ် စစ်သည် ၂၁ ဦး ကျဆုံးခဲ့ကြောင်း အစ္စရေး ထုတ်ပြန်

0
154

ဂါဇာအလယ်ပိုင်း တိုက်ပွဲတစ်ခုမှာ စုစုပေါင်း စစ်သည် ၂၁ ဦး ကျဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပြီး ဒါဟာ စစ်ပွဲစကတည်းက စစ်တပ်အတွက် အကြီးမားဆုံး အသက်ဆုံးရှုံးရမှုဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂရီက အင်္ဂါနေ့ (ဇန်နဝါရီ ၂၃) မှာ သေဆုံးသူအရေအတွက် တိုးလာမှုပြင်ဆင်ချက်နဲ့အတူ ဒီသတင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်သားတွေဟာ တနင်္လာနေ့က အဆောက်အအုံနှစ်ခုကို ဖြိုချဖို့အတွက် ဖောက်ခွဲရေးပစ္စည်းတွေ ပြင်ဆင်နေစဉ်မှာ အနီးနားရှိ စစ်သွေးကြွတွေက ပစ်လွှတ်လိုက်တဲ့ ဗုံးပစ်လောင်ချာထိမှန်ကာ ဖောက်ခွဲရေးပစ္စည်းတွေ အချိန်မတိုင်မီ ပေါက်ကွဲသွားခဲ့ပြီး စစ်သားတွေပေါ်ကို အဆောက်အအုံပြိုကျသွားခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

အစောပိုင်းက အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဟားမတ်စ် ချေမှုန်းရေးစစ်ပွဲ ၃ လကြာကာလအတွင်း အစ္စရေးစစ်သားတွေအတွက် အသေအပျောက်အများဆုံး တိုက်ပွဲတွေထဲက တစ်ခုမှာ စစ်သည် ၁၀ ဦး ကျဆုံးခဲ့တယ်လို့ ဆိုခဲ့တာပါ။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဟားမတ်စ် စစ်သွေးကြွအုပ်စုကို ချေမှုန်းပစ်ပြီး ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓါးစာခံ ၁၀၀ ကျော် လွတ်မြောက်အောင် မစွမ်းဆောင်နိုင်မချင်း စစ်ရေးဖိအားပေးမှု ဆက်လုပ်သွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

Source:The Hindustan Times


LEAVE A REPLY

Please enter your comment!
Please enter your name here