မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်သုံးစီးဆင့်တိုက်ရာမှ အမျိုးသမီးနှစ်ဦး ပြင်းထန်ထိဒဏ်ရာများရရှိ

0
167

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊အင်ဂျန်ဒုံနှင့် ကြာရာပတ္တီး အစပ်လမ်းပေါ်တွင် ယမန်နေ့ ညနေ (၅)နာရီဝန်းကျင်အချိန် ဆိုင်ကယ်သုံးစီးဆင့်တိုက်မှုတစ်ခုဖြစ် ပွားခဲ့ရာ အမျိုးသမီးနှစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုတွင် ကနဦး ဝင်တိုက်သည့် ဆိုင်ကယ်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး၊ တိုက်ခံရသည့် ဆိုင်ကယ်နှစ်စီးအနက် တစ်စီးပေါ်ရှိ အမျိုး သမီးတစ်ဦးမှာ လက်မောင်းထိခိုက်ဒဏ်ရာ ၊ နဖူး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ၊ ကျန်တစ်စီးရှိ အမျိုးသမီးမှာ နားအတွင်းသွေးထွက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

“တိုက်တဲ့သူကတော့ တိုက်ပြီးပြီးချင်းဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ပြောတယ်။ တိုက်ခံလိုက်ရတဲ့ ပထမဆိုင်ကယ်မှာက အမျိုးသမီးနှစ်ဦးစီးလာတာ။တစ်ယောက်ကတော့ဘာမှမဖြစ်ဘူး။ ဒုတိယဆိုင်ကယ်ကတော့အမျိုးသမီးတစ်ဦးတည်းပါ။ ဒီမနက်တော့ လက်မောင်းထိသွားတဲ့ အမျိုးသမီးက ဆေးရုံမှာခွဲစိတ်ပြီး ပြန်ဆင်းလာပြီလို့သိရပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဆိုင်ကယ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှ အမျိုးသမီးနှစ်ဦးကို ဒေသခံလူမှူကယ်ဆယ်ရေးအဖွဲ့က မြစ်ကြီးနားဆေးရုံOPD ဌာနသို့ ကူညီ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုလ ဇန်နဝါရီ(၁၇)ရက်၌လည်း မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊ဂျပန်လမ်း၊ ဇေယျာမင်း ဆီဆိုင်အရှေ့တွင် အရက်မူးလာသော အမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်မှုဖြစ်ပွားကာ နေရာတွင်ပင်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here