မြဝတီအသင်းမှ ဟိန်းဇေယျာမင်းကို (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည့် ရန်ကုန်ယူနိုက်တက်

0
121

၂၀၂၄ -၂၀၂၅ ဘောလုံးရာသီအတွက် ကစားသမားအားဖြည့်မှုများ ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည်  မြဝတီအသင်းမှ လူငယ်ကစားသမား ဟိန်းဇေယျာမင်းကို (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

“ရန်ကုန်ယူနိုက်တက်အသင်းက ခေါ်တဲ့အတွက် ပိုပျော်ရပါတယ်။ ကျွန်တော့်မိဘတွေ ပိုပျော်တာပေါ့။ သူတို့ကိုယ်တိုင်က ကျွန်တော့်ကို အသင်းကြီးတစ်သင်းမှာ ကစားစေချင်တဲ့အပြင် အရမ်းကို ဖြစ်စေချင်တဲ့သူတွေပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း အရင်ကတည်းက ကစားချင်ခဲ့တာ ဖြစ်တဲ့အတွက် အတိုင်းထက်လွန်ပျော်ရွှင်မိပါတယ်” ဟု ဟိန်းဇေယျာမင်း က ပြောသည်။

အသက် (၂၁) နှစ်ရှိပြီဖြစ်သည့် ဟိန်းဇေယျာမင်းသည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ဇာတိဖြစ်ပြီး မြဝတီလူငယ်အသင်းနှင့်အတူ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင် စတင်ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မြဝတီ ယူ-၁၉ အသင်းသို့တက်လှမ်းခဲ့သူဖြစ်သည်။

ထို့နောက် ရှမ်းယူနိုက်တက်လူငယ်အသင်းသို့ ၂၀၂၀ ခုနှစ်တွင်ပြောင်းရွှေ့ကစားခဲ့ပြီး (၁) နှစ်ကစားခဲ့ပြီး နောက် ၂၀ ၂၂ ခုနှစ်တွင် မြဝတီအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ်တွင် (၂) နှစ်ကြာခြေစွမ်းပြပါဝင်ကစားခဲ့သည့် ကစားသမားဖြစ်ကြောင်းလည်း သိရသည်။

ဘယ်တောင်ပံ ကစားသမား ဟိန်းဇေယျာမင်းသည် ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၄ -၂၀၂၅ ဘောလုံးရာသီအတွက်ကြိုတင်ပြင်ဆင်မှုအနေဖြင့် စတုတ္ထမြောက် ကစားသမား ခေါ်ယူခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here