ရုရှား Il-76 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း Belgorod ဒေသတွင် ပျက်ကျ

0
98

ရုရှားနိုင်ငံ၏ Il-76 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းသည် ရုရှားနိုင်ငံ Belgorod ဒေသတွင် ဇန်နဝါရီ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က ပျက်ကျခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာန RIA Novosti က နိုင်ငံ၏ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြခဲ့သည်။

လေယာဉ်သည် S-300 ဒုံးကျည်များ သယ်ဆောင်လာသည်ဟု ယူကရိန်းစစ်တပ်မှ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ Ukrainska Pravda က ဖော်ပြခဲ့သည်။ ဤအချက်အလက်ကို ယူကရိန်းစစ်တပ်သတင်းရင်းမြစ်များမှ Ukrinform သတင်းဌာန သို့လည်း ပေးပို့ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များက ယင်းလေယာဉ်ကို ပစ်ချခဲ့သည်ဟု ယူကရိန်းအခြေစိုက် Ukrainska Pravda သတင်းဌာနက ကနဦးသတင်းတစ်ပုဒ်တွင် အခိုင်အမာဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသတင်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ Ukrainska Pravda သတင်းဌာန၏ အဆိုပါ ကနဦးသတင်းမှာ မှားယွင်းကြောင်းနှင့် မိမိတို့အတည်မပြုနိုင်ကြောင်း အခြားသတင်းရင်းမြစ်များက ဆိုကြသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ မိမိတို့ ဖမ်းမိထားသော ယူကရိန်းတပ်ဖွဲ့ဝင် ၆၅ ဦးသည် အကျဉ်းသားလဲလှယ်မှုအတွက် ယင်းလေယာဉ်ပေါ်တွင်လိုက်ပါလာကြပြီး၊ လေယာဉ် အမှုထမ်းခြောက်ဦးနှင့် အခြားသူ သုံးဦးလည်း လေယာဉ်ပေါ်တွင် ပါရှိသေးကြောင်း ဆိုပြန်သည်။ လေယာဉ်ပေါ်ပါသူ အားလုံးသေဆုံးသည်ဟုလည်း ဆိုသည်။

Kyiv Independent သတင်းဌာနကမူ ဤအချက်ကို အတည်မပြုနိုင်ပါ။ စစ်သုံ့ပန်းများဆိုင်ရာ ယူကရိန်း ညှိနှိုင်းရေးဌာနချုပ်က စစ်သုံ့ပန်းများနှင့်ပတ်သက်သည့် အချက်အလက်များကို စုံစမ်းစစ်ဆေးနေသော်လည်း အခွင့်အာဏာရှိသူများ၏ ထုတ်ပြန်ချက်များကိုသာ ယုံကြည်ရန် ပြည်သူများအား တိုက်တွန်းထားသည်။

ယူကရိန်းစစ်တပ်ကလည်း Kyiv Independent ၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးသလို ယူကရိန်းလေတပ်မှလည်း ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက် မရှိသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here