(၁၆) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာ

0
384

ကောဇာသက္ကရစ် ၁၃၈၅ ခုနှစ် ၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်က ကျင်းပခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင်မြန်မာနိုင်ငံအတွက် သာသနာ့အာဇာနည် ပိဋကသုံးပုံ အာဂုံရေးဖြေအောင် မြန်မာနိုင်ငံ၏ (၁၆) ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်တစ်ပါး ပေါ်ထွန်းလာခဲ့သည်။

(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ရန်ကုန်တိုင်း ၊ ဒဂုံမြို့နယ် ၊ မင်းကွန်းတိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရသည် ပိဋကသုံးပုံ အာဂုံ
ရေးဖြေ အပြီးအစီး အောင်မြင်ပြီး မြန်မာနိုင်ငံ၏ (၁၆) ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်အဖြစ် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။

ဆရာတော် အရှင်ပညာသိရီလင်္ကာရသည် စစ်ကိုင်းတိုင်းဒေသကြီး ၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာ ဇာတိဖြစ်ပြီး ခမည်းတော် ဦးအောင်ငြိမ်း ၊ မယ်တော်ဒေါ်မြသောင်းတို့မှ ၁၃၂၇ ခု၊ ကဆုန်လပြည့်ကျော် (၅) ရက်၊ ကြာသပတေး‌နေ့တွင် ဖွားမြင့်ခဲ့သူဖြစ်သည်။

၁၃၄၆ ခုနှစ်၊ နတ်တော်လပြည့်၊ သောကြာနေ့တွင် မန္တလေးမြို့၊ မှန်ကင်းကျောင်းတိုက်တွင် မုံရွာမြို့၊ ပဇ္စောတာရုံကျောင်း ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသကို ဥပဇ္ဈာယ်ပြုလျက် မြင့်မြတ်သော ရဟန်းဘဝကို ခံယူတော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်သည် ရှင်သာမဏေဘဝဖြင့် အစိုးရ ဓမ္မာစရိယဘွဲ့ ၊ ပရိယတ္တိ သာမဏေကျော်ဘွဲ့တို့ကို ရရှိတော်မူပြီး အစိုးရ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၃၆၈ ခုနှစ်တွင် ပိဋကနှစ်ပုံကို အာဂုံနှင့် ရေးဖြေ ပြီးအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်ရှိသော အဘိဓမ္မာနောက်ပိုင်း ယမိုက် – ပဋ္ဌာန်းကျမ်းတော်ကြီးကို အားထုတ်ဖြေဆိုရန် ကြိုးပမ်းတော်မူခဲ့ရာ ပထမအကြိမ်တွင် စာမေးပွဲဖြေကာနီး၌ သည်းခြေကျောက်တည်ရောဂါ ခွဲစိတ်မှု ခံယူခဲ့ရသည့်အတွက် စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်းနှင့်  ဒုတိယအကြိမ်တွင်လည်း ကျန်းမာရေး အခြေအနေအရ စာမေးပွဲပြီးစီးအောင် မဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။

ဆရာတော် ဘုရားအ‌နေဖြင့် မလျှော့သောဇွဲလုံ့လဖြင့် ထပ်မံကြိုးပမ်းအားထုတ်ကာ (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ရာတွင် အောင်မြင်တော်မူခဲ့သဖြင့် မြန်မာနိုင်ငံ၏ (၁၆)ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော်တစ်ပါးအဖြစ် ပေါ်ထွန်းလာခဲ့ခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here