ယူကရိန်းဇာတိဂျပန်အမျိုးသမီးအား Miss Japan အဖြစ်ရွေးချယ်ခဲ့သည့်အပေါ် ဝေဖန်မှုများမြင့်တက်

0
199

တိုကျို၊ဇန်နဝါရီ ၂၇

ယူကရိန်းနိုင်ငံ၌မွေးဖွားခဲ့သည့် ဂျပန်အလှမယ်တစ်ဦးဖြစ်သူ ကာရိုလိုင်းနားရှင်နို အား ၂၀၂၄ ခုနှစ်အတွက် Miss Japan အဖြစ် ရွေးချယ်ခဲ့မှုအပေါ် လူမှုကွန်ရက်တွင် အငြင်းပွားမှုများဖြစ်နေကြကြောင်းသိရသည်။အသက် ၂၆ နှစ်အရွယ်ရှိ ကာရိုလိုင်းနားရှင်နိုသည် ယူကရိန်းနိုင်ငံတွင် မွေးဖွားခဲ့ခြင်းဖြစ်သဖြင့် ၎င်းသည် ဥရောပမျိုးနွယ်တစ်ဦးနှင့် ပို၍ဆင်တူလျက်ရှိသည်။

သို့သော် ၎င်းသည် ဂျပန်၌နေထိုင်ခဲ့သည်မှာ အနှစ် ၂၀ ကျော်ပြီဖြစ်ကာ ဂျပန်နိုင်ငံသားတစ်ဦးအဖြစ်လည်း ခံယူထားပြီးသူတစ်ဦးဖြစ်သည်။ကယ်ရိုလိုင်းနာရှင်နို၏ ယူကရိန်းအမျိုးသမီးမိခင်သည် ဂျပန်အမျိုးသားတစ်ဦးနှင့် ထပ်မံအိမ်ထောင်ကျခဲ့သဖြင့် ရှင်နိုသည်လည်း ငါးနှစ်သမီးအရွယ်ကပင် ဂျပန်သို့ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏မွေးဖွားနှုန်းသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးသို့ရောက်ရှိသည်အထိ ကျဆင်းနေမှုကြောင့် လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်းကပင် နိုင်ငံခြားသားများဝင်ရောက်လာမှုကို လက်ခံထားခဲ့သည်။

ဂျပန်စကားကို ကောင်းစွာပြောနိုင်သော ကယ်ရိုလိုင်းနားရှင်နိုက မိမိကိုယ့်ကိုယ်မိမိ ဂျပန်နိုင်ငံသူတစ်ဦးအဖြစ်သတ်မှတ်ပါသော်လည်း ပြိုင်ပွဲယှဉ်ပြိုင်ရာ‌၌ လူမျိုးရေးဆိုင်ရာအတားအဆီးများကိုကြုံခဲ့ရကြောင်း၊ဂျပန်နိုင်ငံသူမိန်းကလေးတစ်ဦးအနေနှင့် ဤဆုကိုရရှိ၍ များစွာဝမ်းမြောက်မိကြောင်းလည်းပြောကြားခဲ့သည်။

သို့သော် အချို့ကမူ ရှင်နိုသည် ဂျပန်မိန်းကလေးတစ်ဦး၏မျက်နှာသွင်ပြင်နှင့် မည်သို့တူနိုင်ပါမည်နည်းဟု လူမှုကွန်ရက်တွင် မေးခွန်းထုတ်ခဲ့ကြပြီး ဂျပန်သွေးတစ်စက်မှမပါဘဲ၊ဂျပန်မျိုးနွယ်မှဆင်းသက်ခြင်းလည်းမဟုတ်သူတစ်ဦးက ဂျပန်အမျိုးသမီးများအား မည်သို့ ကိုယ်စားပြုမည်နည်းဟုလည်း လူမှုကွန်ရက် X တွင်မေးမြန်းခဲ့ကြသည်။

အချို့ကလည်း ရှင်နိုအနေဖြင့် ဂျပန်နိုင်ငံသားတစ်ဦးအဖြစ်ခံယူထားပြီးသားဖြစ်၍ ၎င်းတွင် ပါဝင်ယှဉ်ပြိုင်ရန်အခွင့်အရေးရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်။

၂၀၁၅ ခုနှစ်ကလည်း ဂျပန်အမျိုးသမီးတစ်ဦးနှင့်အာဖရိကဖွား အမေရိကန်နိုင်ငံသားတစ်ဦးတို့ အိမ်ထောင်ကျရာမှ မွေးဖွားခဲ့သော အရီယာနာမီယာမိုတိုက Miss Pageant ပြိုင်ပွဲတွင် ဂျပန်နိုင်ငံကိုယ်စားပြုအဖြစ်ပါဝင်စဉ်ကလည်း အလားတူပြဿနာများ၊ ဝေဖန်မှုများကြုံခဲ့ရသေးသည်။သို့သော် ရှင်နိုကမူ ၎င်းမှာ နိုင်ငံခြားသူတစ်ဦးနှင့်တူနေသော်လည်း ဂျပန်နိုင်ငံသားစိတ်ဓာတ် အပြည့်အဝရှိပါကြောင်း ပြိုင်ပွဲ၏ဝက်ဘ်ဆိုတ်တွင်ရေးသားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here