တရုတ်နဲ့ ထိုင်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် လက်မှတ်ရေးထိုး

0
163

ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာခဲ့တဲ့ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ နှစ်နိုင်ငံ ပြည်သူများ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအလို့ငှာ ဗီဇာလိုအပ်ချက်တွေကို လျှော့ချကင်းလွတ်ခွင့်ပြုဖို့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ တနင်္ဂနွေနေ့မှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဟစ်ဒါ နူကာရာနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့ ဘန်ကောက်မြို့တော်မှာ တွေ့ဆုံခဲ့ပြီးနောက် မတ်လ ၁ ရက်မှာ အသက်ဝင်မယ့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ဒီဗီဇာ ကင်းလွတ်ခွင့် ခေတ်သစ်က နှစ်နိုင်ငံပြည်သူအချင်းချင်း ကူးလူးသွားလာမှု မြင့်မားလာစေမှာဖြစ်တယ်လို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဝမ်က ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် တရုတ်ဟာ ထိပ်တန်း ခရီးသွားအရင်းအမြစ်နိုင်ငံတစ်ခုဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင်က အရှေ့တေင်အာရှနိုင်ငံရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးလုပ်ငန်းမှာ အဓိက မောင်းနှင်အားတစ်ခုဖြစ်ခဲ့တာပါ။ သို့ပေမယ့် ကပ်ရောဂါအလွန်ကာလမှာ ထိုင်းနိုင်ငံကို တရုတ်ခရီးသွားတွေ ပြန်ဝင်ရောက်မှု နှေးကွေးနေခဲ့တာဖြစ်ပါတယ်။

“ထိုင်းနိုင်ငံကို တရုတ်ခရီးသွား လာရောက်မှုအရေအတွက် ကြီးကြီးမားမား တိုးမြင့်လာလိမ့်မယ်” လို့ ဝမ်က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်ခရီးသွား အရေအတွက် ၃.၅ သန်း ရှိခဲ့ပြီး ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က လာရောက်ခဲ့တဲ့ တရုတ်ခရီးသွားဦးရေဟာ ၁၁ သန်းအထိ ရှိထားခဲ့တာဖြစ်ပါတယ်။ တရုတ်-ထိုင်း မီးရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်း အရှိန်မြှင့်တင်ဖို့၊ နိုင်ငံဖြတ်ကျော် မူခင်းတွေကို တိုက်ဖျက်ရေး အတူလက်တွဲလုပ်ဆောင်ဖို့ကိုလည်း ပေကျင်းနဲ့ ဘန်ကောက်တို့ ကတိပြုခဲ့ကြတယ်လို့ ဝမ်က ဆိုပါတယ်။

ဝမ်ဟာ သောကြာနဲ့ စနေနေ့တွေမှာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်နဲ့ ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာလည်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ထိုင်ဝမ်၊ အီရန် အရေးတို့နဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here