ဝါရှင်တန်၊ဇန်နဝါရီ ၂၈
ဘန်ကောက်၌ပြုလုပ်သည့် ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်တို့သည် ပေကျင်းနှင့်ဝါရှင်တန်အကြားပြဿနာများအား ထိရောက်ပွင့်လင်းစွာဆွေးနွေးခဲ့ပြီး လာမည့်နွေဦးတွင် အမေရိက နှင့်တရုတ်သမ္မတများအနေဖြင့် ဖုန်းဖြင့်ဆွေးနွေးနိုင်ကြောင်းပြောသည်။
မစ္စတာဝမ်ယိနှင့် မစ္စတာ ဆူလဗန်တို့သည် ဘန်ကောက်တွင် ၁၂ နာရီကျော်ကြာသည်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြရာ၌ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာဆက်ဆံရေး၊ထိုင်ဝမ်အရေး၊ဉာဏ်ရည်တု (AI) ကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေးအပါအဝင် ပင်လယ်နီအတွင်း တိုက်ခိုက်မှုများလုပ်နေသည့် အီရန် ကျောထောက် နောက်ခံရှိသော ဟူသီသူပုန်များအရေးတို့လည်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
ဝမ်နှင့်ဆူလဗန်တို့၏တွေ့ဆုံမှုသည် ထိုင်ဝမ်ရွေးကောက်ပွဲအပြီး တရုတ်နှင့်အမေရိက အကြားပထမဆုံးလူခြင်း တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်သည်။
ဆက်လက်၍ ဉာဏ်ရည်တုဖွံ့ဖြိုးတိုးတက်လာမှုနှင့် ဉာဏ်ရည်တုဆိုင်ရာ အန္တရာယ်များအားကိုင်တွယ်ဖြေရှင်းရန်အတွက်ကိုမူ လာမည့်နွေဦး၌ နှစ်နိုင်ငံဆွေးနွေးပွဲကို ထပ်မံပြုလုပ်နိုင်ခြေရှိကြောင်းခန့်မှန်းထားကြပြီး တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာဆက်ဆံရေးလမ်းကြောင်းများ ပြန်လည်စတင်နိုင်ရန်လည်းမျှော်လင့်ထားကြောင်းဆိုခဲ့သည်။
ပင်လယ်နီကိုဖြတ်သန်းသွားသည့် စီးပွားရေးသင်္ဘောများအား ယီမင်ဟူသီသူပုန်များက ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရေးနှင့်ပတ်သက်၍ကိုမူ မစ္စတာဆူလဗန်က “အီရန်နှင့်ပတ်သက်ပြီး တရုတ်၏သြဇာကြီးမားမှုကိုအသုံးပြုဟန့်တားပေးရန်ပြောကြားခဲ့သည်” ဟုလည်း တာဝန်ရှိသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။
Source : ကျိုဒို