မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည် အမြောက်အများ ထပ်မံပစ်လွှတ်ပြန်

0
143

မြောက်ကိုရီးယားဟာ တနင်္ဂနွေနေ့(ဇန်နဝါရီ ၂၈) မှာ ၎င်းတို့ အရှေ့ပိုင်း ကမ်းလွန်ရေပြင်ဆီ ခရုဇ်ဒုံးကျည် အမြောက်အများ ပစ်လွှတ်ခဲ့ကြောင်းနဲ့ ဒါဟာ သီတင်းတစ်ပတ်မပြည့်မီ ဒုတိယမြောက် ပစ်လွှတ်မှုဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး(JCS) က ပြောဆိုခဲ့ပါတယ်။

ဒုံးကျည်တွေကို ဒေသစံတော်ချိန် မနက် ၈ နာရီ ဝန်းကျင်မှာ ပစ်လွှတ်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်တွေက ဆန်းစစ်မှုတွေလုပ်နေကြောင်း JCS ကဆိုခဲ့ပြီး ဒုံးကျည်အရေအတွက် ဘယ်လောက်ပစ်လွှတ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျပြောဆိုသွားခြင်း မရှိပါဘူး။

စောင့်ကြည့်ထောက်လှမ်းမှုတွေ နိုးနိုးကြားကြား မြှင့်တင်ဆောင်ရွက်နေစဉ် မိမိတို့ စစ်တပ်က အမေရိကန်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းကာ မြောက်ကိုရီးယားရဲ့ နောက်ထပ် သွင်ပြင်လက္ခဏာတွေ၊ လှုပ်ရှားမှုတွေအပေါ် စောင့်ကြည့်မှုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

နျူထိပ်ဖူး သယ်ဆောင်နိုင်တယ်လို့ ယူဆရတဲ့ Pulhwasal-3-31 ခေါ် မဟာဗျူဟာ ခရုဇ်ဒုံးကျည်သစ်တစ်မျိုးကို မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်ခဲ့အပြီး ရက်ပိုင်းအကြာမှာပဲ အခု လက်နက် ပစ်လွှတ်မှုတွေ လုပ်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေအပေါ် ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတယ်ဆိုသော်ငြားလည်း ပြုံယမ်းအနေနဲ့ စစ်ရေးအရ အရေးယူဆောင်ရွက်လာတော့မယ့် အကြံအစည် အရိပ်အယောင်မျိုးတော့ မတွေ့ရဘူးလို့ ဝါရှင်တန်နဲ့ ဆိုးလ်မှ အရာရှိတွေက ပြောဆိုခဲ့ကြပါတယ်။

Ref: Hindustan Times


LEAVE A REPLY

Please enter your comment!
Please enter your name here