ရုရှား ရင်းနှီးမြှုပ်နှံမှုများကို အပြည့်အဝ အကာအကွယ်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပြောကြား

0
253

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ မော်စကိုမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံ‌ဇော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်စွာ အကာအကွယ်ပေးနိုင်မှာ သေချာပါတယ်” ဟု  ၎င်းက ဆိုသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ချင်သူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်အတွင်း ရုရှား-မြန်မာကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev ကလည်း  မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာ အလွန်ကြီးမားသော နိုင်ငံဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားသည်။

ထို့အပြင် ၎င်း၏ မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး ဖွံတိုးတက်မှု ရလဒ်များကို တင်ပြခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာ့စီးပွားဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် အကြံပြုချက်များပေးခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ် GDP သည် ၁ % -၂.၈% ကြားတိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်မှာ GDP ၏ ၂ % နှင့် ၃.၂ %ကြား တိုးတက်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်နေသည့် အမေရိကန်၊ အီးယူနှင့် ယူကေ နိုင်ငံများသည်ပင် မြန်မာနိုင်ငံတွင် ယင်းတို့၏ လုပ်ငန်းများကို အရှိန်မလျှော့ဘဲ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း ၂၀ ၂၃ ခုနှစ်ကုန်တွင်အမေရိကန်ဒေါ်လာ ၉၅.၃ ဘီလီယံ (+၀.၇ %) အထိ တိုးလာကြောင်း ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ICT၊ ပြည်တွင်းစက်မှု လုပ်ငန်းများဖြစ်သည့် ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်းသည် အလားအလာကောင်းများဖြစ်သည်ဟုလည်း Mr.Vladimir Kazadaev က ထောက်ခံပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင်  စိုက်ပျိုးရေး၊ စက်မှုလက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here