ဂျော်ဒန်မှာ အီရန်နဲ့ ဆက်စပ်တဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား သုံးဦး သေဆုံးခဲ့မှုအတွက် လက်တုန့်ပြန်မယ်လို့ ဘိုင်ဒင် ကတိပြု

0
177

ဆီးရီးယားနိုင်ငံနဲ့နယ်စပ်အနီး ဂျော်ဒန်အရှေ့မြောက်ပိုင်းဒေသမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ကို မောင်းသူမဲ့ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်ခဲ့မှုအတွင်း အမေရိကန် စစ်သည် သုံးဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့မှာ ပြောဆိုပြီး ဒီအတွက် လက်တုန့်ပြန်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အောက်တိုဘာလမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲတလျှောက်ပထမဦးဆုံးအမေရိကန်တပ်ဖွဲ့ဝင်တွေအသေအပျောက် ဖြစ်ရတဲ့ ယင်းတိုက်ခိုက်မှုဟာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ အုပ်စုတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဘိုင်ဒင်က အပြစ်တင်ခဲ့ပါတယ်။

“အချက်အလက်တွေကို ကျွန်တော်တို့ စုဆောင်းနေတုန်းပါပဲ၊ အီရတ်နဲ့ ဆီးရီးယားမှာ လှုပ်ရှားနေတဲ့ အစွန်းရောက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုတွေက လုပ်ဆောင်ခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့ သိပါတယ်” လို့ ထုတ်ပြန်ချက်တစ်ခုမှာ ဘိုင်ဒင်က ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ညဟာ အရှေ့အလယ်ပိုင်းမှာ မိမိတို့အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပြီး ရဲရင့်တဲ့ စစ်သည် သုံးဦး ကျဆုံးခဲ့ရပါကြောင်း West Columbia, S.C ရှိ ဘရွတ်ကလင်း ဘက်တစ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်ဂုဏ်ပြုမှုလုပ်ခဲ့ပြီးနောက် ဘိုင်ဒင်က ပြောဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် လက်တုန့်ပြန်သွားမယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

တာဝါ ၂၂ လို့သိကြတဲ့ ထောက်ပံ့ရေးအခြေစိုက်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်သည်တန်းလျားတွေကို ထိမှန်ခဲ့ဖွယ်ရှိတယ်လို့ အမေရိကန် အရာရှိတစ်ဦးက ပြောဆိုပါတယ်။ တာဝါ ၂ ဟာ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အခြားနိုင်ငံတွေနဲ့အတူ ကာလကြာရှည်လက်တွဲလုပ်ဆောင်နေတဲ့ အမေရိကန် အထူးစစ်ဆင်ရေးတွေ ဖော်ဆောင်ရာ ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ AI-Tanf Garrison သို့ ထောက်ပံ့မှုတွေလုပ်နေတဲ့ စခန်းဖြစ်ကြောင်း သိရပါတယ်။

အီရတ်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု စစ်သွေး ကြွညွှန့်ပေါင်းအဖွဲ့ Islamic Resistance က တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒေသတွင်း အမေရိကန်စစ်တပ်ထားရှိခြင်း၊ ဂါဇာမှာ ပါလက်စတိုင်းတွေ သေဆုံးမှု တိုးမြင့်နေခြင်းတို့အတွက် လက်စားချေခြင်းဖြစ်တယ်လို့ ယင်းအဖွဲ့က ပြောဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here