အီရန်အပေါ် လျှို့ဝှက်စစ်ဆင်ရေးပြုလုပ်ရန် အမေရိကန်စဉ်းစားနေ

0
185

အရှေ့အလယ်ပိုင်းရှိ ၎င်း၏အခြေစိုက်စခန်းအား တိုက်ခိုက်မှုအတွက် အီရန်ကို လျှို့ဝှက်စစ်ဆင်ရေးပြုလုပ်ခြင်း အပါအဝင် တုံ့ပြန်ရန် နည်းလမ်းမျိုးစုံကို အမေရိကန်က စဉ်းစားနေကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန် စစ်မှုထမ်း သုံးဦး သေဆုံးခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွက် အမေရိကန်အစိုးရက ပိုမိုပြင်းထန်စွာ လက်တုံ့ပြန်ရန် တွန်းအားပေးမည် ဖြစ်ပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခ စတင်ပြီးနောက် လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေး ပမာဏအားလုံးထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်နိုင်ချေရှိသော လုပ်ရပ်များထဲတွင် အမေရိကန်က အီရန်ကို လျှို့ဝှက်စစ်ဆင်ရေးပြုလုပ်ခြင်းလည်းပါဝင်သည်ဟု သတင်းဌာနက ဆိုထားသည်။ ထို့အပြင် Bloomberg ၏အဆိုအရ အမေရိကန်သည် အီရန်အရာရှိများကို ပစ်မှတ်ထားနိုင်သည်။ အမေရိကန်က မည်သို့ တုန့်ပြန်သည်ဖြစ်စေကာမူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သူ၏သမ္မတသက်တမ်းအတွင်း နောက်ဆက်တွဲအကျိုးသက်ရောက်မှုအများဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မည်ဖြစ်ပြီး၊ ယင်းဆုံးဖြတ်ချက်သည် ဝါရှင်တန်နှင့် တီဟီရန်တို့ကြား တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။ အဆိုပါ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို ဘိုင်ဒင်နောက်ပိုင်း တက်လာမည့် သမ္မတက ဆက်လက်တာဝန်ယူရတော့မည်ဖြစ်သည်။

ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် စခန်းချထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များအား မည်သူကတိုက်ခိုက်မှန်းမသိရသည့် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည် သုံးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးက သမ္မတဘိုင်ဒင်၏ အမိန့်ဖြင့် ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ အဆိုအရ စစ်မှုထမ်း ၃၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင်မူ ဂျော်ဒန်နိုင်ငံ၏ပိုင်နက်တွင် အမေရိကန်တပ်များ တိုက်ခိုက်ခဲ့သည်ဆိုသည့် အိမ်ဖြူတော်သတင်းပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်ကို ဂျော်ဒန်အစိုးရဆက်သွယ်ရေးဝန်ကြီး Muhannad Mubaidin ကငြင်းဆိုခဲ့ပြီး၊ ဂျော်ဒန်နယ်စပ်အနီး ဆီးရီးယားပိုင်နက်အတွင်းရှိ Al-Tanf အခြေစိုက်စခန်း တိုက်ခိုက်ခံခဲ့ရခြင်းသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here