အခြေခံပညာစာမေးပွဲအားလုံး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ပြောကြား

0
196

လာမည့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ကျင်းပမည့် အခြေခံပညာ စာမေးပွဲများ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ အားလုံး အထူးအလေးထားဆောင်ရွက်သွားကြရန် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ ဇန်နဝါရီ (၂၉) ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) သို့ တက်ရောက် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရေးနှင့် ဆက်စပ်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း အချို့သော နယ်မြေများ၌ နယ်မြေ အခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိနေကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ 

ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချိုသောမြို့နယ်များ၌ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း ၎င်းက ဥပမာပေးပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ မဖွင့်လှစ်နိုင်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာ ထိခိုက်နစ်နာရလျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ၊ မတ်လတို့တွင် အခြေခံပညာ စာမေးပွဲများ ကျင်းပတော့မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိတာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှတာဝန်ရှိသူများအားလုံး အထူးအလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ရွာအကျိုးလိုလားသူများအားလုံး အတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် စာသင်နှစ် တစ်နှစ် နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာစေသည့်အတွက် နစ်နာမှု မရှိရအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် အဖျက်အမှောင့် လုပ်ဆောင်နေသူများက ကိုယ်ချင်းစာ တရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာ အောင်လု ပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ညီညွတ်သည့် အားဖြင့် ပညာရေးကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအရေးကြီးသည်မှာ အခြေခံပညာကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ပြီးမြောက်စေရေးဖြစ်သည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊လုံခြုံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ဆရာ၊ မိဘများအား လုံး အင်ပြည့်အားပြည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here