ရုရှားသည် အီရန်၊ မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်နေရာတွင် နိုင်ငံတကာဆိုင်ရာ ကတိကဝတ်များကို ချိုးဖောက်ခြင်းမရှိဟုဆို

0
185

ရုရှားနိုင်ငံသည် အီရန်၊ မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရာတွင် နိုင်ငံတကာဆိုင်ရာ ကတိကဝတ်များကို ချိုးဖောက်လိမ့်မည်မဟုတ်သလို၊ ချိုးဖောက်ခဲ့ခြင်းလည်းမရှိကြောင်း ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ရုရှားသည် အီရန်နှင့် မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရာတွင် မည်သည့်အရာကိုမျှ အနှောင့်အယှက်မဖြစ်စေပါ။ အပြန်အလှန်လေးစားမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေပါသည်။ ကျွန်ုပ်တို့နှစ်ဦးစလုံးအတွက် အကျိုးရှိပါသည်။ ကျွန်ုပ်တို့နိုင်ငံသည် နိုင်ငံတကာကတိကဝတ်များကို ချိုးဖောက်ခဲ့ခြင်းမရှိပါ” ဟု Zakharova က မှတ်ချက်ပေးပြောကြားခဲ့သည်။ အထူးစစ်ရေးဇုန်တွင် အီရန်နှင့် မြောက်ကိုရီးယားလက်နက်များ အသုံးပြုမှုနှင့်ပတ်သက်၍ အနောက်မီဒီယာများ၏ ဝေဖန်မှုများမဟုတ်မှန်ကြောင်းကိုလည်း ကိုးကားပြောကြားသွားသည်။

“တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ကိစ္စပါပဲ” ဟု Maria Zakharova က ထပ်လောင်းပြောသည်။

ရုရှားနှင့် DPRK တို့ကြား တရားမဝင် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နေသည်ဟူ၍ အနောက်နိုင်ငံများ၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိ၊ ခိုင်လုံမှုမရှိဟု Zakharova က အကြိမ်ကြိမ် အလေးအနက် ပြောကြားခဲ့သည်။ အစောပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြုံယမ်းသည် မော်စကိုအား စစ်ရေးအကူအညီပေးနေသည်ဆိုသော ဝါရှင်တန်၏ စွပ်စွဲပြောဆိုချက်ကို ငြင်းဆိုခဲ့သည်။

ယူကရိန်းမှာ အသုံးပြုရန်အတွက် အီရန်က ရုရှားကို မောင်းသူမဲ့လေယာဉ်များ ထောက်ပံ့ပေးသည်ဟူသော စွပ်စွဲချက်များကို ရုရှားနဲ့ အီရန်တို့က အကြိမ်ကြိမ် ပယ်ချခဲ့သည်။ Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ယင်းသတင်းများသည် အတုအယောင်များသာဖြစ်ကြောင်းနှင့် ရုရှားစစ်တပ်သည် ပြည်တွင်း၌ ထုတ်လုပ်သော ဒရုန်းများကိုသာ အသုံးပြုကြောင်း အလေးပေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here