မြန်မာ့ဆန် ပြည်ပတင်ပို့မှု တန်ချိန်လျော့ကျသော်လည်း ဈေးကောင်းရသဖြင့် ပို့ကုန်ဝင်ငွေ တိုးတက်ရရှိ

0
180

ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေသဖြင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှု တန်ချိန်အားဖြင့် လျော့ကျခဲ့သော်လည်း ပို့ကုန်ဝင်ငွေ တိုးမြင့်ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် နိုင်ငံတကာမှ ဆန်လိုအပ်ချက်များသဖြင့် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၀ သန်း ရရှိထားကြောင်း သိရသည်။

“တန်ချိန်အားဖြင့် မနှစ်က ကာလတူတွေထက် လျော့နည်းတင်ပို့တာဖြစ်ပြီး ဝင်ငွေအားဖြင့် ပိုမိုရရှိတဲ့ အနေအထားမျိုး တွေ့ပါတယ်။ ပုံမှန်ဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ သန်း ၄၀၊ သန်း ၅၀၊ သန်း ၆၀ ဒီလိုမျိုး ရရှိတဲ့ အနေအထားကနေ သန်း ၉၀ ကျော်၊ သန်း ၁၀၀ အထိ ရရှိပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

နိုင်ငံတကာတွင် ဆန်ဈေးနှုန်းများ မြင့်တက်သကဲ့သို့ ပြည်တွင်းဈေးကွက်အတွင်းမှာလည်း စပါးဈေးနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ဆန်ဈေးနှုန်းများ အမြင့်မားဆုံး အခြေအနေကို ရောက်ရှိလာကြောင်း သိရသည်။

“ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၅၀ ဝန်းကျင်လောက် ရှိပါတယ်။ ဆန်ဖြူတစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ လောက်ရှိပါတယ်။ ဒါ့ကြောင့်မို့လို့ နိုင်ငံတကာမှာလည်း ဆန်ဈေးနှုန်းတွေ မြင့်တက်တာ တွေ့ရပါတယ်”ဟု ဦးရဲမင်းအောင်က ဆိုသည်။

MRF အနေဖြင့် ပြည်တွင်းဈေးကွက်တည်ငြိမ်ရေးကို ထိန်းညှိဆောင်ရွက်ရန် ဖေဖော်ဝါရီနှင့် မတ်လများတွင် တန်ချိန် (၃) သိန်း၊ တစ်လလျင် တန်ချိန် (၁) သိန်းခွဲခန့်သာ တင်ပို့သွားနိုင်ပြီး ဆန်ကွဲ၊ ပေါင်းဆန်နှင့် တန်းမြင့်ဆန် (၅ မတ်ဆန်) များကိုသာ ဦးစားပေး တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

“ပြည်ပတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ ရရှိမှုကို ကြည့်မယ်ဆိုရင် ၂၀၂၃ ဧပြီကနေ ဇန်နဝါရီလ ကုန်အထိ (၁၀)လတာ ကာလမှာ အမေရိကန်ဒေါ်လာ ၅၇၄ သန်း ပို့ကုန်ဝင်ငွေ ရရှိထားတဲ့ အနေအထားဖြစ်ပါတယ်။ နှစ်ကုန်အထိ ခန့်မှန်းမယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၇၀၀၊ ၈၀၀ ဝန်းကျင်လောက် ဒီနှစ်မှာ ရရှိမယ့် အနေအထားဖြစ်ပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားထားသည်။

Credit- Global New Light of Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here