ဆယ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းဝန်းကျင်တင်ပို့ထား

0
172

ယခုဘဏ္ဍာနှစ် ဆယ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းဝန်းကျင်တင်ပို့ထားပြီး ယင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန် ငါးသိန်းခန့်လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ပြောပြချက်အရ သိရသည်။

” ငွေလဲနှုန်းမူဝါဒက Exporter တွေ တွက်ချေမကိုက်တဲ့ အနေအထားရှိတာဖြစ်တဲ့အတွက် ပြည်ပတင်ပို့မှုက လျော့နည်းသွားတာပေါ့။ ဝင်ငွေအားဖြင့်ကတော့ မလျော့ပါဘူး” ဟု ၎င်းက ပြောသည်။

MRF ၏ စာရင်းများအရ ပြီးခဲ့သည့် ဒီဇင်ဘာလ ဆန်၊ ဆန် ကွဲ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၉ သန်းနှင့် ယခုနှစ် ဇန်နဝါရီလတွင် ကန်ဒေါ်လာသန်း ၁၁၀ အထိ ရရှိထားကြောင်း

ပြီးခဲ့သည့် လများတွင် မူဝါဒအပြောင်းအလဲ အချို့ကြောင့် ပြည်ပဆန်တင်ပို့မှု လျော့ကျခဲ့သော်လည်း ဒီဇင်ဘာ (၅) ရက်နောက်ပိုင်းတွင် ပို့ကုန်လုပ်ငန်းရှင်များထံမှ ရရှိသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချနိုင်ကြောင်း ပြင်ဆင်သတ်မှတ်ပြီးသည့်နောက် ပြည်ပသို့ ဆန်တင်ပို့မှု ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေး နှစ်၊ ဆယ်လအတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိထားပြီး ဖေဖော်ဝါရီနှင့် မတ်လများတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှုမှ လစဉ် ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆန်ကို နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန် ၂ သန်းခန့်တင်ပို့လေ့ရှိသော်လည်း ယခုဘဏ္ဍာနှစ်တွင် ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရေးနှင့် ပြည်တွင်းစားသုံးမှုကို ဦးစားပေးသည့်အနေဖြင့် ကျန်ရှိသည့် ဖေဖော်ဝါရီလနှင့် မတ်လတွင် ဆန်တန်ချိန်တင်ပို့မှု လျှော့ချသွားမည်ဖြစ်ကြောင်း MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆက်လက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here