မော်လမြိုင်မြို့အနီးတွင် ဆိပ်ကမ်း (၁) ခုနှင့် လေယာဉ်ကွင်း (၁) ခု တည်ဆောက်ရေး စီစဉ်လုပ်ဆောင်လျက်ရှိ

0
202

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (၁) ခုနှင့် လေယာဉ်ကွင်းအသစ် (၁) ခုတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး စီစဉ်လုပ်ဆောင်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (၁) ခုနှင့် လေယာဉ်ကွင်းအသစ် (၁) ခု တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၃)ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့သည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းအသစ် (၁)ခုနှင့် ဆိပ်ကမ်းအသစ် (၁) ခု တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ စီမံကိန်းမြေ စုစုပေါင်း ဧရိယာ (၄၆၉၅.၅၈) ဧ က ကျယ်ဝန်းပြီး စီမံကိန်းတွင် အသုံးပြုမည့် လယ်ယာမြေနှင့် အခြားမြေများအတွက် လျော်ကြေး/ နစ်နာကြေးများ ပေးလျော်ထားပြီဖြစ်ကြောင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

လေယာဉ်ကွင်းစီမံကိန်းတွင် အသုံးပြုမည့်မြေများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အသုံးပြုခွင့် အမြန်ရရှိရေးအတွက် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ပတ်သက်၍ လျော်ကြေးပေးချေခြင်း၊ မြေယာပိုင်ဆိုင်မှုဆောင်ရွက်ခြင်းများအတွက် မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ပြီးပြတ်အောင် သက်ဆိုင်ရာဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့တို့အား ညွှန်ကြားကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက မော်လမြိုင်မြို့အနီး လေဆိပ်အသစ် တည်ဆောက်ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်မတီဝင်များက နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်း တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများ အလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here